Sunday, September 22, 2013

De Novo’s Definitions (ဘီလီယံနာ)





ဘီလီယံနာ ဆိုတာ အများကို အနည်း(လူတစ်ဦးတည်း)က ပိုင်တဲ့ သဘော၊ တစ်နည်းအားဖြင့် သင်္ချာနည်းအရ
အကြီးအကျယ် အချိုးမညီမျှမှု ဖြစ်နေပြီဆိုတဲ့သဘော။ ဒီကနေ လူမှုရေး အချိုးမညီမျှမှု၊ နိင်ငံရေး အချိုးပျက်မှု
နောက်ဆုံး အမှန်တရား ပါ တစ်ဖက်စောင်းနင်း ဖြစ်စေမယ့် အကျိုးဆက်တွေ ရှိနိင်ပါတယ်။

တစ်ဖက်မှာလည်း ဘီလီယံနာ ဆိုတာ ဂဏန်းတွေ အများအပြားနဲ့ နေရသူ၊ သုံးမကုန် တဲ့ အရင်းအနှီးတွေကို စောင့်ထိန်းနေရတဲ့ ဥစ္စာစောင့်တစ်မျိုး၊ တစ်သက်စာ ရှာဖွေပြီးသူ တစ်ယောက်အတွက် ကျန်ရှိတဲ့ တစ်သက်တာ ဟာ ဘယ်လိုအဓိပါယ်များလဲဆိုတာ အမြဲ ကိုယ့်ကိုယ်ကို အဖြေရှာနေရတဲ့ ယောင်ချာချာ နဲ့ ပျင်းရိဖွယ် လူတစ်ယောက်။

သဘာဝအရ ဘီလီယံနာတွေ သိပ်များများမရှိနိင်ဘူး၊ ရှားတယ်။ ဂဏန်းအသေးတွေက အရည်အတွက်ပေါ
တယ်။ နိစ္စဓူဝ တွေ့နေရတာ၊ အသုံးပြုနေရတာ ဂဏန်းအသေးတွေပဲ။ တစ်နေ့ တစ်နေ့ လဲ လှယ်နေရတာ ကဏန်းအသေးတွေပဲ။ နေ့စဉ်လောကမှာ ဂဏန်းအကြီးတွေ အတွက် နေရာမရှိဘူး။

Sunday, September 8, 2013

နောက်တွဲ




*        အတိတ်ကိုခွဲ ပြီးမောင်းလာခဲ့
ရပ်ရပ်နေတဲ့ ရထားကြီး
ငြိငြိနေတဲ့ ရနံ့တွေမှာ
ဖြုတ်သိမ်းမရခဲ့
နေလုံးနီနီကားချပ်တွေ
*        အကြိမ်ကြိမ်က
အကြိမ်ကြိမ်ကို မြိုချ
သူ့သီးသန့်သောက်သုံးမှုမှာ
မပြေပျောက်နိုင်တဲ့
အငေးက
ဝေးလွန်းလှချည့်
*        အာရုံက
အာရုံမဟုတ်တော့တဲ့အခါ
အရိပ်က
အရိပ်မထင်နိုင်သလိုမျိုး
မွတ်မွတ်သိပ်သိပ်
အတွေးက
တိမ်စွန် လေလျင်
*        အရင်ကလို
ယဉ်ကျေးဖွယ်ရာ ညနေခင်း
အချစ်စိမ်း
အမုန်းစိမ်းတွေနဲ့
ထိန်းမနိုင် သိမ်းမရ
ပြန့်ထွက်သွားခဲ့
အသံမဲ့မဲ့
အရောင်ပြင်
*        တချက်တချက်
သတိလည်ပါသေးရဲ့
ညှိမရတဲ့အဆုံး
နောက်တွဲကို ဖြုတ်ချန်ခဲ့တယ်
ရာဇဝင်မှာ
မီးခိုးက ရှေ့ကိုမလွင့်ဘူး
ဒီနိုဗို

Saturday, September 7, 2013

လျို့ဝှက်သဲဖိုဝတ္ထု




            ပြေးရင်းလွှားရင်းနှင့်ပင်ဤဝတ္ထုကိုကျွန်တော်ရေးဖြစ်ခဲ့သည်။ ဤဝတ္ထုကိုရေးနေစဉ်အတွင်းမှာလည်းကျွန်တော်ပြေးနေလွှားနေခဲ့ရသည်။ ထို့ကြောင့်ဤဝတ္ထုကိုငြိမ်ငြိမ်သက်သက်ထိုင်၍မဖတ်ကြရန်ကျွန်တော်သတိပေးပါရစေ။
                                                **************************************
            ကျွန်တော့်နောက်တွင်ကျည်ဆန်တစ်တောင့်လိုက်လာနေခဲ့သည်။ ယင်းကျည်ဆံသည်ကျွန်တော်လူဖြစ်စကတည်းကလိုက်ပါလာခဲ့သည်လားမသိ။ ကျွန်တော့်နောက်ကထပ်ကြပ်မကွာပါလာခဲ့သည်။ ကျွန်တော်နောက်သို့လှည့်ကြည့်မိသည့်အခါတိုင်း ယင်းသည်ကျွန်တော့်နောက်တွင် အမြဲရှိနေခဲ့သည်။ ကြာလာသည့်အခါကျွန်တော့်မှာနောက်လှည့်ကြည့်ဖို့ကိုပင်မဝံ့မရဲဖြစ်လာခဲ့ပါသည်။
            ဤသို့ဖြင့်ကျွန်တော့်မှာရှေ့ကိုသာအာရုံစိုက်ကာသဲကြီးမဲကြီးပြေးလွှားနေခဲ့ရတော့သည်။ ရှေ့တွင်ဘာရှိမည်လည်းကျွန်တော်မသိ၊ ရှိချင်တာရှိပလေ့စေ၊ ကျွန်တော်နောက်လှည့်ဖို့ရာမဖြစ်နိုင်တော့၊ တွေးတောချင့်ချိန်ဖို့ရာလည်းဝေလာဝေး၊ ကျည်ဆန်တစ်တောင့်၏ဖောက်ထွင်းဝင် ရောက်မှုကို ကြိုဆိုလက်ခံရမည့်ဦးခေါင်းတစ်လုံးအနေနှင့် မလိုအပ်သည့်အတွေးအခေါ်ဒဿနမှန်သမျှကို ဝန်ပေါ့စေရန်ခါချနေရပေသည်။
                                           *****************************************
            ပြောယင်းဆိုယင်းနှင့်ပင် ယင်းကျည်ဆံသည်ဦးခေါင်းခွံများကိုယားယံကျိန်းစပ်လာစေခဲ့ပြီ။ ကျွန်တော်သွားရဦးမည်။ ကျွန်တော့်ကိုခွင့်လွှတ်ကြပါ၊ နိဂုံးတစ်ခုကိုမဖြစ်မနေဖတ်ရှုချင်သေးတယ်ဆိုရင်ဖြင့် စာဖတ်သူကိုယ်တိုင်ပဲစိတ်တိုင်းကျအဆုံးသတ်လိုက်ပါတော့၊ ကျွန်တော်သွား… …………
            မိတ်ဆွေ၊ သတိထား……!
            နောက်မှာ…………………
ဒီနိုဗို

Sunday, August 25, 2013

တရုတ်ပြည်သွားမယ့် လှေငယ်လေး (Excerpt)





          ဒီလိုခံစားမှုက ကျွန်တော် ယာမာနိုတီ ရထားလိုင်းကို စီးနေတဲ့အခိုက်မှာ ပေါ်လာခဲ့တယ်၊ ကျွန်တော် တံခါး နားမှာ ရပ်နေမယ်၊ လက်မှတ်ကို မလွင့်သွားအောင် တင်းတင်းဆုပ်ကိုင်လို့၊ ပြူတင်းပေါက်ကနေ ကျွန်တော်တို့ ဖြတ် လာတဲ့ အဆောက်အဦးတွေကို ငေးမျှော်ကြည့်နေမိတယ်၊ ဒီ မြို့ကြီးနဲ့ ဒီလမ်းတွေ၊ ဘာကြောင့်မှန်းမသိ ကျွန်တော့်မှာ စိတ်ပျက်အားငယ်မိတယ်၊ တွေ့နေကျအမှောင်ထုက မြို့နေလူထုအပေါ် ချိန်းထားတဲ့အတိုင်း အချိန်မှန် ဖုံးလွှမ်းလို့၊ စိတ်ဂျယ်လီတွေလို တိမ်တွေက ထူထပ်နေခဲ့တယ်၊
          ညစ်ပတ်နေတဲ့ မျက်နှာစာတွေ၊ အမည်မဲ့ လူအုပ်ကြီးတွေ၊ မရပ်မနား ဆူညံသံတွေ၊ ပြည့်ကျပ်နေတဲ့ ရုံးတက် ရုံးဆင်းချိန် ရထားတွေ၊ မီးခိုးရောင် ကောင်းကင်ကြီး၊ နေရာလွတ်မှန်သမျှ ပြည့်နှက်နေတဲ့ ကြေငြာဆိုင်းဘုတ်ကြီးတွေ၊ မျှော်လင့်ချက်တွေနဲ့ ကြိတ်မှိတ်သည်းခံနေရတာတွေ၊ စိတ်တိုဒေါသထွက်စရာတွေနဲ့ စိတ်လှုပ်ရှားစရာတွေ၊ ပြီးတော့ နေရာတကာမှာ ရွေးချယ်စရာတွေက အသင်္ချေ ဖြစ်နိုင်ခြေတွေကလည်း အသင်္ချေ၊ အသင်္ချေ ဖြစ်သလို တစ်ဖက်မှာ လည်း သုည ဖြစ်နေခဲ့တယ်၊ ကျွန်တော်တို့တွေက ကိုယ့်လက်နဲ့ကိုယ် သဲ့ယူချင်ပေမယ့် ရလာတာက လက်ခုပ်နဲ့ အပြည့် သုညတွေပဲ၊ အဲဒါက မြို့ပဲ၊ အဲဒီမှာ တရုတ်မလေးပြောတာကို ကျွန်တော် သတိရလာမိတယ်
ဒီနေရာက ကျွန်မ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့တဲ့ နေရာပဲ
ကျွန်တော့်မှာ တိုကျိုကို ကြည့်ရင်း တရုတ်ပြည်အကြောင်း တွေးနေမိတယ်
ဒါက ကျွန်တော်နဲ့ ပတ်သက်ခဲ့တဲ့ တရုတ်တွေပဲ၊ နှစ်အလိုက် မှတ်တမ်းတွေကနေ တရုတ်ပြည်ပေါ်က ကြယ်နီအထိ ကျွန်တော် တရုတ်ပြည်အကြောင်း ရေးထားတဲ့စာအုပ်တွေကို ဒါဇင်နဲ့ချီပြီး ဖတ်ခဲ့ဖူးပါတယ်၊ ကျွန်တော် တတ်နိုင် သလောက် တရုတ်ပြည်အကြောင်း သိချင်မိတယ်၊ ဒါပေမယ့် အဲဒီ တရုတ်ပြည်က ကျွန်တော့် တရုတ်ပြည်ပဲ၊ ကျွန်တော် ဖတ်ပြီးသိရတဲ့ တရုတ်ပြည်မဟုတ်ဘူး၊ အဲဒီ တရုတ်ပြည်က ကျွန်တော့်ကိုပဲ မက်ဆေ့ခ်ျပေးတယ်၊ ကမ္ဘာ ပေါ်မှာ ကြီးထွားလာတဲ့ လူဝါတွေရဲ့ တရုတ်ပြည်မဟုတ်ဘူး
အဲဒါက တခြား တရုတ်ပြည်၊ တခြား အနုမာန အယူအဆ၊ တခြား အထင်အမြင်သက်သက်၊ တနည်းအား ဖြင့်တော့ ဒါဟာ တရုတ်ဆိုတဲ့စကားလုံးနဲ့ ဖြတ်တောက်ထားတဲ့ ကျွန်တော့်ရဲ့ အစိတ်အပိုင်းပါပဲ၊
ကျွန်တော် တရုတ်ပြည်တစ်ကြော လျှောက်ပြီး သွားနေခဲ့တယ်၊ လေယာဉ်စီးပြီး သွားတာမဟုတ်၊ ကျွန်တော့် ခရီးစဉ်က တိုကျိုမြေအောက်ဘူတာတွေမှာ၊ တက္ကစီ နောက်ခန်းမှာ ထိုင်စီးရင်းသွားနေခဲ့တာ၊ ကျွန်တော့် စွန့်စားခန်း တွေက အနီးအနားက သွားဆရာဝန်ရဲ့ စောင့်ဆိုင်းခန်းမှာ၊ ဘဏ်ပြုတင်းပေါက်တွေမှာ၊ ကျွန်တော်က ဘယ်မှ မသွား ပေမယ့် နေရာတကာ ရောက်နိုင်တယ်၊
တစ်ရက် တိုကျိုမှာ ကျွန်တော် ယာမာနိတီ ရထားလိုင်းကို စီးလာရင်း ရုတ်တရက် မြို့ကြီးက စတင်လှုပ်ရှား လာလိမ့်မယ်၊ လျှပ်တပြတ်အတွင်း အဆောက်အဦးတွေ အကုန်လုံး ပြိုကျကုန်မယ်၊ ကျွန်တော့်မှာ လက်မှတ်ကလေး ကို ဆုပ်ကိုင်ထားရင်း အဲဒီမြင်ကွင်းကို ကြည့်နေမိမယ်၊ တိုကျိုမြို့ရဲ့ လမ်းတွေပေါ် ကျွန်တော့်ရဲ့ တရုတ်ပြည်က ကျဆင်းလာလိမ့်မယ်၊ ပြာတွေလိုပဲ၊ ထိမိသမျှတွေအကုန်လုံးထဲကို ပျော်ဝင်လို့၊ ဖြေးဖြေးနှေးနှေးနဲ့ ဘာမှကို မကျန် တော့တဲ့ အထိ၊ မဟုတ်ဘူး၊ ဒါက ကျွန်တော့်နေရာ ဟုတ်ဘူး၊ ဒီလိုနဲ့ ကျွန်တော်တို့ စကားတွေ ဆုံးရှုံးလာလိမ့်မယ်၊ ကျွန်တော်တို့ရဲ့ အိပ်မက်တွေက မြူတွေအဖြစ်ပြောင်းသွားမယ်၊ ငြီးငွေ့လွန်းလို့ ထာဝရ တည်ရှိမှာတောင် ကြောက်မိ တဲ့ ကျွန်တော်တို့ရဲ့ ဆယ်ကျော်သက်ဘဝက အငွေ့ပျံပျောက်ကွယ်လို့သွားမယ်

Haruki Murakami A slow boat to China ကို
Alfred Birnbaum အင်္ဂလိပ် ဘာသာပြန်မူမှပြန်ဆိုသည်