ပြေးရင်းလွှားရင်းနှင့်ပင်ဤဝတ္ထုကိုကျွန်တော်ရေးဖြစ်ခဲ့သည်။
ဤဝတ္ထုကိုရေးနေစဉ်အတွင်းမှာလည်းကျွန်တော်ပြေးနေလွှားနေခဲ့ရသည်။
ထို့ကြောင့်ဤဝတ္ထုကိုငြိမ်ငြိမ်သက်သက်ထိုင်၍မဖတ်ကြရန်ကျွန်တော်သတိပေးပါရစေ။
**************************************
ကျွန်တော့်နောက်တွင်ကျည်ဆန်တစ်တောင့်လိုက်လာနေခဲ့သည်။
ယင်းကျည်ဆံသည်ကျွန်တော်လူဖြစ်စကတည်းကလိုက်ပါလာခဲ့သည်လားမသိ။
ကျွန်တော့်နောက်ကထပ်ကြပ်မကွာပါလာခဲ့သည်။
ကျွန်တော်နောက်သို့လှည့်ကြည့်မိသည့်အခါတိုင်း
ယင်းသည်ကျွန်တော့်နောက်တွင်
အမြဲရှိနေခဲ့သည်။ ကြာလာသည့်အခါကျွန်တော့်မှာနောက်လှည့်ကြည့်ဖို့ကိုပင်မဝံ့မရဲဖြစ်လာခဲ့ပါသည်။
ဤသို့ဖြင့်ကျွန်တော့်မှာရှေ့ကိုသာအာရုံစိုက်ကာသဲကြီးမဲကြီးပြေးလွှားနေခဲ့ရတော့သည်။
ရှေ့တွင်ဘာရှိမည်လည်းကျွန်တော်မသိ၊
ရှိချင်တာရှိပလေ့စေ၊ ကျွန်တော်နောက်လှည့်ဖို့ရာမဖြစ်နိုင်တော့၊
တွေးတောချင့်ချိန်ဖို့ရာလည်းဝေလာဝေး၊
ကျည်ဆန်တစ်တောင့်၏ဖောက်ထွင်းဝင်
ရောက်မှုကို ကြိုဆိုလက်ခံရမည့်ဦးခေါင်းတစ်လုံးအနေနှင့်
မလိုအပ်သည့်အတွေးအခေါ်ဒဿနမှန်သမျှကို
ဝန်ပေါ့စေရန်ခါချနေရပေသည်။
*****************************************
ပြောယင်းဆိုယင်းနှင့်ပင်
ယင်းကျည်ဆံသည်ဦးခေါင်းခွံများကိုယားယံကျိန်းစပ်လာစေခဲ့ပြီ။
ကျွန်တော်သွားရဦးမည်။
ကျွန်တော့်ကိုခွင့်လွှတ်ကြပါ၊
နိဂုံးတစ်ခုကိုမဖြစ်မနေဖတ်ရှုချင်သေးတယ်ဆိုရင်ဖြင့်
စာဖတ်သူကိုယ်တိုင်ပဲစိတ်တိုင်းကျအဆုံးသတ်လိုက်ပါတော့၊
ကျွန်တော်သွား… …………။
မိတ်ဆွေ၊ သတိထား……!
နောက်မှာ…………………။
ဒီနိုဗို
No comments:
Post a Comment