စာပေနှင့်
စပ်လျဉ်း၍
ဂေါင်စင်းကျန်
၏ နိုဘယ်ဆုလက်ခံ မိန့်ခွန်း
ကျွန်တော့်ကို
ဒီစင်မြင့်ထက်ကို ပို့ဆောင်ပေးခဲ့တဲ့အရာဟာ ကံကြမ္မာလား ဆိုတာတော့ကျွန်တော် ဘယ်လိုမှ
မသိနိင်ပါဘူး။ ဒါပေမယ့် ကံကောင်းလှတဲ့ တိုက်ဆိုင်မှုအထွေထွေကြောင့် ဒီလို
အခွင့်အရေးရလာတာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဒါကို ကံကြမ္မာလို့ပဲ ပြောပါရစေလား။
ဘုရားသခင် ရှိမရှိဆိုတာကို အသာထား၊ ကျွန်တော့်လို ဘာသာမဲ့ တစ်ယောက်အနေနဲ့ ကိုယ်မသိနိင်တဲ့ကိစ္စတွေကို
လေးစားသမှုတော့ရှိတယ်ဆိုတာလည်း ပြောပါရစေ။
လူတစ်ယောက်ဟာ
ဘယ်လိုမှ ဘုရားမဖြစ်နိင်ပါဘူး။ ကမ္ဘာကြီးကို မဟာလူသား(Superman) တစ်ယောက်လို
အုပ်စိုးပြီး ဘုရားသခင်ရဲ့အစား နေရာယူတာမျိုးကတော့ မဖြစ်နိင်တာသေချာပါတယ်။
သူ့အနေနဲ့ ဒီလိုလုပ်ခြင်းအားဖြင့် ဗရမ်းဗတာ တွေ ပိုမိုဖန်တီးပြီး ကမ္ဘာကြီးကို
ပိုမို ရှုပ်ပွစေဖို့ပဲရှိပါတယ်။ ပုံစံအမျိုးမျိုးနဲ့ မဟာလူသားတွေဖြစ်တဲ့ လူထုခေါင်းဆောင်တွေ၊
တိုင်းပြည်ခေါင်းဆောင်တွေ၊ လူမျိုးစု တပ်မှူးတွေဟာ အတ္တဆန်လှတဲ့ ဒဿနဆရာရဲ့
မိုက်မဲလှတဲ့ စကားအတိုင်း မလွှဲမရှောင်သာ အကြမ်းဖက်မှု ပေါင်းစုံကို ပြုလုပ်ဖို့၊
ရာဇဝတ်မှုပေါင်းစုံကို ကျူးလွန်ဖို့ တုန့်နှေးမှုမရှိကြပါဘူး။ ဒါပေမယ့်
ကျွန်တော့်အနေနဲ့ အခုလိုစာပေအကြောင်း ပြောဆိုရာမှာ နိင်ငံရေးတွေ၊ သမိုင်းတွေ
အလွန်အကျူးပြောပြီး အချိန်မဖြုန်းချင်ပါဘူး။ ကျွန်တော့်အနေနဲ့ အခုလို
ပြောဆိုခွင့်ရတဲ့ အခိုက်မှာ စာရေးဆရာတစ်ယောက်ရဲ့ ပုဂ္ဂလိက အသံနဲ့ပဲ
ပြောဆိုပါရစေလား။
စာရေးဆရာဆိုတာ
သာမာန်လူသားတစ်ယောက်ပါ။ အများနဲ့ကွာတာဆိုလို့ သူဟာ ပိုပြီး
ထိလွယ်ရှလွယ်ခံစားလွယ်တာပဲ ရှိပါတယ်။ အများအားဖြင့် ထိလွယ်ရှလွယ်တဲ့ သူတွေဟာ
အားနည်းချိနဲ့သူတွေ ဖြစ်ကြပါတယ်။ စာရေးဆရာဟာ လူထုကိုယ်စားလှယ်တွေလို
မပြောတတ်ပါဘူး။ အမှန်တရားရဲ့ ပြယုဒ် လည်း မဟုပ်ပါဘူး။ သူ့ရဲ့ အသံဟာ
အားနည်းလိမ့်မယ်ဆိုတာ မြေကြီးလတ်ခတ်မလွဲပါပဲ။ ဒါပေမယ့် ဒါဟာ ပုဂ္ဂလလူသား
တစ်ယောက်ရဲ့ အသံ စစ်စစ် ဆိုတာတော့ သေချာပါတယ်။
ဒီနေရာမှာ
ကျွန်တော် ပြောချင်တာကတော့ စာပေဆိုတာ တစ်ဦးချင်းရဲ့ အသံ ဖြစ်ပါတယ်။ အစဉ်အမြဲ
ဒီလိုပဲဖြစ်ခဲ့ပါတယ်။ စာပေကို နိင်ငံတော်သီချင်းလို၊ လူမျိုးစုအလံတော်လို၊
ပါတီတစ်ခုရဲ့ အယူဝါဒကို ဖောက်သည် ချပေးတဲ့အရာလို၊ လူတန်းစားတစ်စု၊ လူအုပ်စု
တစ်စုရဲ့ အသံလို ဖြစ်လာခဲ့ပြီဆိုရင်တော့ အားကောင်းလှတဲ့ဝါဒဖြန့်လက်နက်တစ်မျိုးအဖြစ်
အသုံးချခံရပြီလို့ ဆိုနိင်ပါတယ်။ ဒါဆိုယင်တော့ အဲဒီလိုစာပေမျိုးဟာ စာပေရဲ့အတွင်းသဘောတွေဆုံးရှုံးကာ
စာပေအဖြစ်မှရပ်စဲလို့ အာဏာနဲ့ အကျိုးအမြတ်အတွက် အစားထိုးစရာ ဖြစ်သွားပါလိမ့်မယ်။
အခုလေးတင်
ကုန်ဆုံးသွားတဲ့ ရာစုနှစ်အတွင်းမှာတော့ စာပေဟာ အဲဒီလို ကံဆိုးမှုတွေနဲ့
တည့်တည့်ကို တိုးခဲ့ပါတယ်။ ရှေးယခင်ခေတ်တွေထက်ကို နိင်ငံရေးနဲ့ ပါဝါ ကစားပွဲမှာ
အနာတရကြီးစွာရခဲ့ပြီးပါပြီ။ စာရေးဆရာတွေဟာ လည်း မကြုံစဖူးလှ တဲ့ ဖိနှိပ်မှုတွေရဲ့
သားကောင်ဖြစ်ခဲ့ရပါတယ်။
စာပေကို
အန္တရယ်ကင်းကင်းနဲ့ ကိုယ်ပိုင်ရပ်တည်နိင်ဖို့အတွက်၊ နိင်ငံရေးလက်နက်အဖြစ်ကနေ
ရှောင်ရှား နိင်ဖို့အတွက် တစ်ဦးချင်းရဲ့ အသံအဖြစ်ကို
ပြန်လည်ရောက်ရှိဖို့လိုပါတယ်။ စာပေဟာ မူလ ကနဦးမှာတည်းက တစ်ဦးချင်းရဲ့ ခံစားချက်ကနေ
မြစ်ဖျားခံလာတဲ့၊ ပုဂ္ဂလခံစားမှုရဲ့ ရလာဒ်သာပဲ မဟုပ်ပါလား။ ဒါဟာ စာပေကို
နိင်ငံရေးနဲ့ လမ်းခွဲရမယ် လို့ ပြောချင်တာမဟုပ်သလို နိင်ငံရေးဖြစ်စဉ်မှာ မဖြစ်မနေ
ပါဝင်ရမယ်လို့လည်း ရည်ရွယ်တာမဟုပ်ပါဘူး။ စာပေလမ်းကြောင်းတွေနဲ့ပက်သက်လို့
သဘောထားကွဲလွဲမှုတွေ၊ စာရေးဆရာရဲ့ နိင်ငံရေးတိမ်းညွှတ်မှုတွေဟာ ပြီးခဲ့တဲ့ ရာစုမှာ
စာပေကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ဆိုးရွားလှတဲ့ ဝေဒနာပါပဲ။ အိုင်ဒီယိုလိုဂျီ
အကွဲအပြဲတွေက ကသောင်းကနင်းတွေဖြစ်စေခဲ့ပါတယ်။ ရိုးရာအစဉ်အလာသမားနဲ့ ပြုပြင်ရေးသမားတွေကြား
အငြင်းပွားမှုတွေကနေ ရှေးရိုးစွဲနဲ့ တော်လှန်ရေးသမား၊ အဲဒီကနေ စာပေဟာ တိုးတက်ရေး
သမားတွေနဲ့ ဖောက်ပြန်ရေးသမားတွေ ရဲ့ တိုက်ပွဲကြား ကျရောက်လို့သွားခဲ့ပါတယ်။ အကယ်၍များ အိုင်ဒီယိုလိုဂျီကို ပါဝါနဲ့ စုစည်းနိင်ပြီး တကယ့်အင်အားစုတစ်ခု ဖြစ်လာခဲ့ပြီဆိုယင်တော့ စာပေ နဲ့ တစ်ဦးချင်း ကဏ္ဍ ဟာ ဖျက်ဆီးခံရမှာ အသေအချာပါပဲ။
သမားတွေနဲ့ ဖောက်ပြန်ရေးသမားတွေ ရဲ့ တိုက်ပွဲကြား ကျရောက်လို့သွားခဲ့ပါတယ်။ အကယ်၍များ အိုင်ဒီယိုလိုဂျီကို ပါဝါနဲ့ စုစည်းနိင်ပြီး တကယ့်အင်အားစုတစ်ခု ဖြစ်လာခဲ့ပြီဆိုယင်တော့ စာပေ နဲ့ တစ်ဦးချင်း ကဏ္ဍ ဟာ ဖျက်ဆီးခံရမှာ အသေအချာပါပဲ။
နှစ်ဆယ်ရာစု
တရုပ်စာပေဟာ ခြေကုန်လက်ပန်းကျပြီး အသက်ရှုကျပ်နေခဲ့ပါတယ်။ အကြောင်းကတော့ နိင်ငံရေးက
စာပေကို ခြယ်လှယ်နေခဲ့လို့ပါပဲ။ စာပေတော်လှန်ရေးနဲ့ တော်လှန်ရေးစာပေ နှစ်ခုလုံးက
စာပေနဲ့ တစ်ဦးချင်းတန်ဖိုးတွေ အပေါ် သေဒဏ်ချမှတ်လိုက်ပါတယ်။
တော်လှန်ရေးခေါင်းစဉ်အောက်မှာ တရုတ် ရိုးရာအစဉ်အလာစာပေကို တိုက်ခိုက်ပြီး
စာအုပ်များကို လူအများဖတ်ရှုခွင့် ပိတ်ပင်ခြင်းနှင့် မီးရှို့ ဖျက်ဆီးခြင်းတွေ
ဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တစ်ရာ အတွင်း မရေမတွက် နိင်လှတဲ့ စာရေးဆရာတွေဟာ
ပစ်သတ်ခံရ၊ ထောင်ချခံရ၊ ပြည်နှင်ဒဏ်ခံရ၊ အလုပ်ကြမ်း အပြစ်ဒဏ်တွေ ခံရနဲ့ ဒါဟာ
တရုတ်သမိုင်းမှာ ဘယ်အင်ပါယာမင်းဆက်တွေမှာမှ မကြုံဖူးလှတဲ့ ပြင်းထန်လှတဲ့
အတွေ့အကြံပါပဲ။ ဒါရဲ့ ရလာဒ်အနေနဲ့ တရုပ်ဘာသာစကားနဲ့ စာပေရေးသားဖို့ အလွန့်ကို
ခက်ခဲသွားခဲ့ရပြီး လွပ်လပ်စွာဖန်တီးမှုအတွက် ဆွေးနွေးပြောဆိုမှုတွေကတော့ ပိုလို့ကို
ဝေးသွား ခဲ့ရပါတယ်။
စာရေးဆရာတစ်ယောက်အနေနဲ့
အသိဥာဏ်ပညာ လွပ်လပ်ခွင့်ကို လိုချင်ရင်တော့ ရွေးချယ်စရာ နှစ်မျိုးသာရှိပါတယ်။
တိတ်တိတ်နေယင် နေ၊ မဟုပ်ရင်တော့ ထွက်သာ ပြေးဖို့ ရှိပါတယ်။ ဘာသာ စကား အပေါ်
အမှီပြုတဲ့ စာရေးဆရာတွေ အဖို့ကတော့ နှစ်ရှည်လများ ရေငုံနှုတ်ပိတ် နေရခြင်းဟာ
ကိုယ့်ကိုယ်ကို သတ်သေ မှုတစ်ခုသာပါပဲ။ အဲဒီလို ရေငုံနှုတ်ပိတ် တိတ်တိတ်လေးနေပြီး
ကိုယ့်ကိုယ်ကိုယ် သတ်မသေချင်ယင်တော့ တစ်ခုတည်းသော နည်းလမ်းက တိုင်းပြည်က
ထွက်ပြေးဖို့ပါပဲ။ အရှေ့နဲ့ အနောက်ရဲ့ စာပေ သမိုင်းကို ပြန်ကြည့်လိုက်တော့လည်း ဒီအတိုင်း
တွေ့ရပါတယ်။ ဒီထဲမှာ Qu Yuan ကနေ ဒန်တေ(Dante) ဂျိုက်(Joyce) တောမတ် မန်း (Thomas
Mann) ဆိုဇင်နစ်ဇင် (Solzhenitsyn) နဲ့ ၁၉၈၉ တီအန်ယင်မင် အရေးအခင်း အပြီး
တိုင်းပြည်ကထွက်ပြေးသွားကြတဲ့ တရုတ်ပညာတတ်အတော်များများလည်း ပါပါတယ်။ ဒါဟာ
ကိုယ့်ရဲ့ ကိုယ်ပိုင်အသံကို ထိန်းသိမ်းဖို့ ကြိုးစားကြတဲ့ စာရေးဆရာ ကဗျာဆရာ
အများစုရဲ့ ရှောင်လွှဲမရတဲ့ ကံကြမ္မာပါပဲ။
မော်စီတုန်းလက်ထက်တုန်းကတော့
အကြွင်းမဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့အတွက် ထွက်ပြေးဖို့
ဆိုတာတောင်မလွယ်လှပါဘူး။ ပညာရှင်များ ရှောင်တိမ်းခိုလှုံရာ
ဝေးလံခေါင်ဖျားတောင်ပေါ်ဒေသများက မြေရှင် ပဒေသရာဇ်ခေတ် ဘုန်းကြီးကျောင်းတွေတောင်
လုံးလုံးအဖျက်စီးခံခဲ့ရပါတယ်။ လျှို့ဝှက်စွာနဲ့ရေးသားမယ်ဆိုတာတောင် အသက်နဲ့
ရင်းရတဲ့ အနေအထားပါ။ ဒီတော့ တစ်ဦးချင်းရဲ့ ကိုယ်ပိုင်အသိပညာနယ်ပယ်ကို
ထိန်းသိမ်းဖို့ နည်းလမ်းကတော့ သူ့ဘာသာသူ တစ်ယောက်ထဲ ပြောနေဖို့ပဲ ရှိပါတော့တယ်။
ဒါကတော့ အလုံခြုံဆုံးနည်းလမ်းပဲ မဟုပ်ပါလား။ ကျွန်တော့်အနေနဲ့ စာပေရဲ့
မရှိမဖြစ်အရေးပါလှပုံကို သဘောပေါက် နားလည်လာမိတာဟာလည်း အဲဒီလို စာပေကို
လုံးလုံးပိတ်ပင်ခံထားရတဲ့ အခိုက်အတန့်မှာပဲ ဆိုတာ ပြောပါရစေ။ စာပေဟာ လူတစ်ယောက်ရဲ့
သိစိတ်ထဲကအရာတွေကို သိုမှီးသိမ်းဆည်းခွင့်ပေးထားခဲ့တဲ့ တစ်ခုတည်းသော
အရာပဲမဟုပ်ပါလား။
တကယ်တော့
ဒီလို တစ်ကိုယ်တည်း ပြောဆိုခြင်း အမှုဟာ စာပေရဲ့ ကနဦး အစပဲလို့ဆိုနိင်ပါတယ်။
ဘာသာစကားကို အသုံးချမှုက နောက်မှပါ။ လူတစ်ယောက်ဟာ သူ့ခံစားမှုတွေ၊ အတွေးတွေကို
ဘာသာစကား ထဲသွန်ချပြီး စကားလုံး တွေအဖြစ်ရေးချတဲ့ အခိုက်မှာပဲ စာပေဆိုတာ ဖြစ်လာတာပါ။
အဲဒီလို ရေးနေတဲ့ အချိန်မှာ ဒါကို ဘယ်မှာ သုံးမှာလဲ၊ တစ်နေ့မှာ
ပုံနှိပ်ထုပ်ဝေမှာလားဆိုတာ ဘာမှ မသိသေးပေမယ့်လည်း စာရေးဖို့တွန်းအားကတော့
ရှိနေပါတယ်။ အဲဒါက စာရေးခြင်းရဲ့ အရသာပါပဲ။ အဲဒီအရသာက အပင်ပန်းခံ ခဲ့သမျှတွေကို
ပြန်လည် နှစ်သိမ့် ပေးခဲ့ပါတယ်။ ပြောရယင် ကျွန်တော်ကိုယ်တိုင် သတိကြီးစွာနဲ့ တည်းဖြတ်
ခဲ့တဲ့ စာအုပ်ကို ပိတ်ပင်ခံထားရတဲ့ အချိန် ကျွန်တော့် အတွင်းထဲမှာ ခံစားနေရတဲ့
အထီးကျန်မှုကို ရှင်းထုပ်ပစ်ဖို့ Soul Mountain ကို ရေးခဲ့တာပါ။ Soul Mountain ဟာ
ကိုယ့်ဘာသာ ဖတ်ဖို့ရေးတဲ့စာပါ။ ထုပ်ဝေဖို့ စိတ်ကို မကူးခဲ့ပါဘူး။
ကျွန်တော့်ရဲ့
စာရေးသားမှုအတွေ့အကြုံအရ ပြောရယင် စာပေဆိုတာရဲ့ အတွင်းသဘောကိုယ်၌က လူသားရဲ့
သူ့ကိုယ်ပိုင်တန်ဖိုးကို အတည်ပြုပေးဖို့ပါပဲ။ စာရေးသားနေစဉ်အတွင်း ဒါက ပိုမို
ခိုင်မာလာခဲ့ပါတယ်။ တကယ်တော့ စာပေဆိုတာ စာရေးဆရာ ရဲ့ ကိုယ့်ကိုယ်ကို
ဖြည့်တင်းဖို့(self-fulfilment) အတွက် လိုအပ်တဲ့အရာ ပါပဲ။ လူ့အဖွဲ့အစည်းအပေါ်
သက်ရောက်မှုဆိုတာက ရေးပြီးမှ လာတဲ့ ကိစ္စတွေပါ။ အဲဒီ သက်ရောက်မှုတွေကလည်း
စာရေးဆရာရဲ့ စိတ်ဆန္ဒ အရဖြစ်လာကြတာမဟုပ်တာတော့ အသေအချာပါပဲ။
စာရေးဆရာ
သက်ရှိထင်ရှားရှိစဉ်မှာ မထုပ်ဝေနိင်ခဲ့ပေမယ့် ကြံ့ကြံ့ခံပြီးတည်ရှိနေတဲ့
လက်ရာကောင်းတွေ စာပေသမိုင်းမှာ
အများကြီးရှိခဲ့ပါတယ်။ စာရေးဆရာတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို အသိအမှတ်ပြုမှု မရှိပဲ
စာတွေဘယ်လိုများရေးနိင်ခဲ့ပါသလဲ။ ရှိတ်စပီးယား ဆိုကြည့်ပါ။ ပြီးတော့
တရုပ်ဂန္ဒဝင်ကြီးတွေဖြစ်တဲ့ Journey to the West, Water Margin, Jin Ping Mei နဲ့
Dream of Red Mansions ဆိုယင်လည်း ရေးသားခဲ့တဲ့ ပါရမီရှင်ကြီးတွေအကြောင်း
အသေးစိတ်ကို ဘယ်သူမှ ဂဃနဏ မပြောနိင်ကြပါဘူး။ Shi Naian ဆိုယင်လည်း
ကိုယ်ရေးအထုပတ္တိအက်ဆေးတွေပဲကျန်ရစ်ခဲ့တာပါ။ သူ့အပြောအရ စာရေးခြင်းအားဖြင့်ပဲ
ကိုယ့်ကိုယ် ကို နှစ်သိမ့်မှု ရခဲ့ပါတယ်။ မဟုပ်ရင် ဘာဆုလာဒ်မှ မရပဲ
သူ့ဘဝတစ်ခုလုံးကို ဒီစာရေးသားခြင်းမှာပဲ အကြီးအကျယ် ဘယ်မြှပ်နှံခဲ့ပါ့မလဲ။
မော်ဒန်ဝထ္ထုရဲ့ ရှေ့ဆောင်လမ်းပြ Kafka တို့၊ နှစ်ဆယ်ရာစုရဲ့ အကြီးကျယ် အထူးခြား
ဆုံး ကဗျာဆရာကြီး Fernando Pessoa တို့ဆိုလည်း ဒီလိုပဲ မဟုပ်လား။ ဘာသာစကားဘက်ကို
သူတို့ ဦးလှည့်လာကြတာကတော့ ကမ္ဘာလောကကြီးကို ပြုပြင်ပြောင်းလဲဖို့မဟုပ်ပါဘူး။
လူသားတစ်ဦးချင်းရဲ့ ကူကယ်ရာကင်းမဲ့မှုကို အကြီးအကျယ် သတိပြုမိတဲ့အတွက် သူတို့
ထုပ်ပြောဖို့ ကြိုးစားကြတာပါ။ ဒါဟာ ဘာသာစကားရဲ့ မှော်ဆန်မှုပဲ မဟုပ်လား။
အခြေခံအားဖြင့်
ဘာသာစကားဟာ လူ့ယဉ်ကျေးမှုကို ပုံဆောင်ခဲပြုထားတဲ့အရာပါ။ ၄င်းဟာ
ရှုပ်ထွေးပွေလီလှပြီး ဖမ်းဆုတ်ရလည်းခက်ပါတယ်။ ဒါပေမယ့်လည်း ၄င်းဟာ
ပျံ့နှံ့သက်ရောက်နိင်ပြီး လူသားရဲ့သိမှတ် နားလည်မှုထဲ ထိုးဖောက်ဝင်ရောက်ကာ
လူသားအချင်းချင်းကို ဆက်သွယ်ပေးပါတယ်။ အရာဝထ္ထုတွေကို ခွဲခြားသိမြင်ကာ သူနေထိုင်တဲ့
ကမ္ဘာကြီးကို နားလည်သဘောပေါက်စေပါတယ်။ ရေးထားတဲ့ စာလုံးတွေဟာ မမြင်ရတဲ့
လူနှစ်ယောက်ကို လူမျိုးတွေ အချိန်ကာလတွေ ကွဲပြားသော်ငြား ဆက်သွယ်ပေးနိင်တဲ့
မှော်ဓါတ် သားတွေပါပဲ။ ရေးနေစဉ် နဲ့ ဖတ်နေစဉ်မှာ ပစ္စုပါန်ကာလ တစ်ခုကို အတူတကွ
မျှဝေလို့ ထာဝရ နာမ်ပိုင်း ဆိုင်ရာ တန်ဖိုးတစ်ခုနဲ့ ဆက်သွယ်လို့ပေးပါတယ်။
ကျွန်တော့်အဖို့တော့
အမျိုးသားယဉ်ကျေးမှုကို ဖော်ထုပ်တင်ပြဖို့ ကြိုးစားပမ်းစား အားထုပ်နေကြတာဟာ
ယနေ့စာရေးဆရာတွေအတွက် တကယ့်ပြဿနာ ပဲ လို့မြင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီမှာပဲမွေး၊
ဒီစကားကိုပဲ ပြောတဲ့အတွက် တရုပ်ယဉ်ကျေးမှု အစဉ်အလာတွေဟာ အသွေးအသားထဲမှာ
ကိန်းအောင်းနေကြပါတယ်။ ယဉ်ကျေးမှနဲ့ ဘာသာစကား ဟာ အမြဲလို နီးစပ်ပက်သက်နေပါတယ်။
ဒီ့အတွက် စရိုက်လက္ခဏာတွေ၊ မြင်သိနားလည်ပုံတွေ၊ အတွေးတွေ၊ ထုပ်ဖော်တင်ပြပုံတွေမှာ
အကြမ်းဖျင်းတူညီကြမှာပါ။ ဒါပေမယ့် စာရေးဆရာရဲ့ ဖန်တီးမှုစွမ်းပကားက သူ့ဘာသာစကားမှာ
ဖော်ထုပ်တင်ပြပြီးသားအရာတွေနဲ့ အစပြုပြီး မဖော်ထုပ် နိင်သေး တဲ့ အရာတွေကို တင်ပြဖို့ကြိုးစားပါတယ်။
ဘာသာစကားအနုပညာရှင်ဖြစ်တဲ့ အတွက် အလွယ်တကူ အသိအမှတ်ပြု ထားပြီးသား အမျိုးသားအမှတ်သရုပ်တွေမှာပဲတွယ်ကပ်
နေရမှာ မဟုပ်ပါဘူး။
စာပေဟာ
နိင်ငံတိုင်းပြည်ရဲ့ နယ်နိမိတ်ကို ကျော်ပါတယ်။ ဘာသာစကား ကွဲပြားမှု၊
လူမှုရေးဓလေ့ထုံးစံ၊ နေရာဒေသနဲ့ သမိုင်းအစဉ်အလာက ပြဌာန်းထားတဲ့ လူသားခြင်းဆက်ဆံရေး
ပုံစံတွေကို ဘာသာပြန်ခြင်း အားဖြင့် ကျော်လွန်နိင်ပါတယ်။ ယျေဘူယျတူညီကြတဲ့
လူသားသဘာဝကို အကြီးအကျယ် ထုပ်ဖော် နိင်ပါတယ်။ ဒီ့အပြင် ယနေ့အချိန်မှာ စာရေးဆရာဟာ
သူ့လူမျိုး၊ သူ့ယဉ်ကျေးမှုရဲ့ အပြင်ဘက်က ယဉ်ကျေးမှု
ပေါင်းစုံရဲ့လွှမ်းမိုးမှုကိုလည်းခံထားရပါတယ်။ ဒီ့အတွက် ကိုယ့်ယဉ်ကျေးမှုသဘာဝတွေကို
အထူးပြုလွန်းယင် ခရီးသွား လုပ်ငန်း ကိုမြှင့်တင်တာလားလို့ သံသယအဝင်ခံရဖို့ပဲ
ရှိပါလိမ့်မယ်။
လူတစ်ဦးချင်းစီရဲ့
အခြေခံဖြစ်တည်မှုဟာ ဟိုဝါဒ ဒီ ဝါဒတွေ ကို ကျော်လွန်နေသလိုမျိုး စာပေဟာ လည်း အိုင်ဒီယိုလိုဂျီတွေ၊
တိုင်းပြည်နယ်နိမိတ်တွေ၊ လူမျိုးရေး ဂုဏ်မာန တွေကို ကျော်လွန်နေပါတယ်။ ဒါဟာ လူသား
ဖြစ်တည်မှုဟာ ဘဝနဲ့ ပက်သက်တဲ့ ဘယ်သီအိုရီတွေ၊ မှန်းဆချက်တွေထက်မဆို ကျော်လွန်နေတဲ့
အတွက် ပါပဲ။ စာပေဟာ လူသားဖြစ်တည်မှုရဲ့ အကြပ်အတည်းအပေါ် ယျေဘူယျကျကျ လေ့လာမှုပါပဲ။
စာပေမှာ မရေးကောင်းတဲ့ အရာဆိုတာ မရှိပါဘူး။ စာပေအပေါ် ချုပ်ခြယ်တားမြစ်မှုတွေဟာ
အမြဲလို အပြင်ကပဲ လာတာပါပဲ။ နိင်ငံရေးတို့၊ လူ့အဖွဲ့အစည်းတို့၊ ကျင့်ဝတ်တို့၊
ဓလေ့ထုံးစံတို့ဟာ စာပေကို သူတို့ ဘောင်ခွင်ကို
အလှဆင်ဖို့
လိုသလိုလှီးဖြတ်ကြတော့တာပါပဲ။
ဒါပေမယ့်
စာပေဟာ အာဏာပိုင်တွေ၊ လူမှုရေးပေါ်ပင်ဖက်ရှင်တွေ ကို စိတ်ဝင်စားလာအောင်
တန်ဆာဆင်မွမ်းမံဖို့ မဟုပ်ပါဘူး။ သူ့မှာကိုယ်ပိုင် တန်ဖိုးနှုန်းစံတွေ ရှိပါတယ်။
အဲဒါက ရသပိုင်း အရည်အသွေးပါပဲ။ လူသားခံစားမှုနဲ့ အတွင်းကျကျနှီးနွယ်နေတဲ့ ရသဟာ
စာပေလက်ရာကောင်းတွေရဲ့ ခွဲခြားမရတဲ့ ဂုဏ်လက္ခဏာပါပဲ။ တကယ်တော့ စာပေလက်ရာတစ်ခုကို
လူတစ်ယောက်နဲ့ တစ်ယောက် အကဲ ဖြတ်ပုံခြင်း မတူနိင်ပါဘူး။ ဘာကြောင့်ဆို
လူတစ်ယောက်ခြင်းစီရဲ့ စိတ်ခံစားမှုက မတူနိင်လို့ပါပဲ။ ဒါပေမယ့်လည်း အဲဒီလို
ဆန္ဒစွဲနဲ့ ရသဗေဒအကဲဖြတ်ချက်တွေမှာ အများလက်ခံထားတဲ့ စံ တွေလည်း ရှိပါတယ်။ စာပေကနေ
လေ့ကျင့်ပျိုးထောင်ပေးတဲ့ နှိုင်းချိန်အကဲဖြတ် အရသာခံတတ်တဲ့ စွမ်းရည်ဟာ စာဖတ်သူကို
ကဗျာဆန်မှုနဲ့ အလှအပကို ကွဲကွဲပြားပြား ခံစားနိင်စေပါတယ်။ ရင်သပ်ရှုမော
တင့်တယ်လှပမှုနဲ့ ရယ်ဖွယ်ရာအဓိပါယ် ကင်းမဲ့မှုကို ခွဲခြားနိင်စေပါတယ်။
ဝမ်းနည်းဖွယ်ရာ ကောင်းမှုနဲ့ အဓိပါယ်ကင်းမဲ့မှုတွေကို သပ်သပ်မှတ်မှတ်ခံစားတတ်စေပါတယ်။
ဟာသ နဲ့ သရော်မှုကို သီးသီးသန့်သန့် ရှုမြင်တတ်စေပါတယ်။ ဒါတွေအားလုံးကို
စာရေးဆရာဟာ သူ့ စာတွေထဲ ရောမွှေပေါင်းစပ်ထားခဲ့တယ် မဟုပ်လား။
ကဗျာခံစားမှုဟာ
အတွင်းစိတ်ခံစားမှုကို ဖော်ထုပ်ရာကနေ တိုက်ရိုက်ထွက်ပေါ်လာတာမျိုးမဟုပ်ပါဘူး။
ကနဦး ရေးခါစမှာတော့ နိ့စို့ကလေးပမာ ထိမ်းမနိင်သိမ်းမရ တစ်ကိုယ်ကောင်းဆန်မှု
တွေနဲ့ မကင်း လွတ်နိင်သေး ပါဘူး။ ခံစားမှု ဖော်ထုပ်ခြင်းဆိုရာမှာလည်း
အလွှာအမျိုးမျိုးတော့ရှိပါသေးတယ်။ မြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်ဖို့ကတော့
အေးစက်ကင်းကွာမှုမျိုးလိုအပ်ပါတယ်။ ကဗျာဓါတ်ဟာ အဝေးကို ငေးမောနေမှုမှာ
ကိန်းဝပ်နေပါတယ်။ ဒီ့အပြင် အဲဒီ အငေးဟာ စာရေးဆရာရဲ့ ပုဂ္ဂိုလ်စရိုက်ကို
ဆန်းစစ်ပြီး၊ စာအုပ်ထဲက ဇတ်ကောင်တွေနဲ့ စာရေးဆရာကို ဆက်စပ်လွှမ်းခြုံနေတဲ့
စာရေးဆရာရဲ့ တတိယ မျက်လုံးဖြစ်လာစေတယ်။ အဲဒီ မျက်လုံးက တတ်နိင်သမျှ
အစွဲကင်းရပါတယ်။ လူသားကမ္ဘာရဲ့ ငြင်းပယ်ခံရမှုနဲ့ ဘေးဒုက္ခကပ်ဆိုးတွေဟာ ဆန်းစစ်ဖို့ကောင်းတဲ့
အရာတွေပါပဲ။ နာကျင်မှု၊ မုန်းတီးစက်ဆုပ်မှု ဆိုတဲ့ ခံစားချက်တွေဟာ ဘဝကို
မြတ်နိုးမှုနဲ့ ပူပန်စိုးရိမ်မှုတွေလိုပဲ လှုံ့ဆော်ပေးနိင်ပါတယ်။
စာပေနဲ့
အနုပညာ သမိုင်းစဉ်တစ်လျောက်မှာ ဖက်ရှင်တွေ အမျိုးမျိုးပြောင်းလဲနေပေမယ့်
လူသားခံစားမှုအပေါ် အခြေခံထားတဲ့ ရသ ခံစားမှုကတော့ ဘယ်တော့မှ ဟောင်းအိုမသွားပါဘူး။
ဒါပေမယ့်လည်း စာပေ အကဲဖြတ်မှုတွေဟာ စာပေဖက်ရှင်တွေပေါ်လိုက်ပြီး
ပြောင်းလဲနေတာဟာ ဘယ်ဟာနောက်ဆုံးပေါ်လဲဆိုတဲ့
စိတ်အခံနဲ့ကြည့်လို့ပါ။ ဒီအမြင်အရ အသစ်မှန်သမျှ ကောင်းသလို ဖြစ်နေပါတယ်။ ဒါဟာ
ဈေးကွက်စီးပွားရေးရဲ့ ယျေဘူယျ ဖြစ်စဉ်ပါပဲ။ စာအုပ်ဈေးကွက်လည်း ဒီသဘောနဲ့
မကင်းပါဘူး။ ဒါပေမယ့်လည်း စာရေးဆရာရဲ့ရသဗေဒ အကဲဖြတ်ချက်ဟာ ဈေးကွက်အလိုအတိုင်း
လိုက်ရွေ့နေမယ်ဆိုယင်တော့ စာပေကို သတ်သေခိုင်းသလို ဖြစ်နေပါလိမ့်မယ်။ အထူးသဖြင့်
လက်ရှိစားသုံးသူပဓာန လူ့အဖွဲ့အစည်းမှာ ကျွန်တော့်အမြင် သိပ်မဟော့ တော့ တဲ့
စာပေတွေကိုပဲ ရွေးချယ်ရလိမ့်မယ်လို့ထင်တယ်။
လွန်ခဲ့တဲ့
ဆယ်နှစ်လောက်က Soul
Mountain ကို
ခုနစ်နှစ်ကြာရေးသားအပြီး ဒီလိုစာပေမျိုးအကြောင်း ကျွန်တော် အက်ဆေးတိုလေးတစ်ပုဒ်
ရေးခဲ့ပါတယ်။
စာပေဟာ
နိင်ငံရေးနဲ့ မသက်ဆိုင်ပါဘူး။ လူတစ်ဦးချင်းရဲ့ ကိစ္စသာ ဖြစ်ပါတယ်။ ဒါဟာ
ပညာတတ်တွေရဲ့ တွေ့ကြုံမှုအပေါ်သုံးသပ်မှု၊ စောင့်ကြည့်လေ့လာမှု၊
စိတ်အခြေအနေတစ်ခုကို ပုံဖော်မှု၊ ထပ်တလဲလဲ စားမြုံ့ပြန်ခံစားမှု ကနေရရှိတဲ့ ဝမ်းမြောက်ကျေနပ်မှုပါပဲ။
စာရေးဆရာဆိုတာ
တစ်ခြားမဟုပ်ပါဘူး။ ပြောနေရေးနေတဲ့သူပါ။ သူ့ကို ဖတ်ဖို့၊ နားထောင်ဖို့ကတော့
တစ်ခြားသူတွေက ဆုံးဖြတ်ရမှာပါ။ စာရေးဆရာဟာ လူတွေက သူရဲကောင်းလို့ မြင်လာအောင်
သရုပ်ဆောင်ပြနေသူတွေမဟုပ်ပါဘူး။ ကိုးကွယ်စရာ ရုပ်တု တွေလည်း မဟုပ်သလို ရာဇဝတ်သားတွေ၊
အများ ပြည်သူရဲ့ ရန်စွယ်တွေလည်း မဟုပ်တာ သေချာပါတယ်။ စာရေးဆရာတွေဟာ
တစ်ခြားသူတွေရဲ့ လိုအပ်ချက်အရ အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပါတယ်။
အာဏာပိုင်တွေဟာ အများပြည်သူကို အာရုံလွှဲဖို့ ရန်သူ အနည်းငယ် ဖန်တီးရာမှာ
စာရေးဆရာတွေဟာ များစွာအသုံးဝင်လှပါတယ်။ ဒီ့အတွက် စာရေးဆရာတွေဟာ စတေးခံစရာဖြစ်လာပြီး
ပိုဆိုးတာက အဲဒီိလို စတေးခံရတာကိုပဲ အကြီးအကျယ် ဂုဏ်ယူစရာလို့ အမှတ်တကယ်
ထင်မှတ်လာကြတာပါပဲ။
တကယ်တော့
စာရေးဆရာနဲ့ စာဖတ်သူကြား ဆက်ဆံရေးဟာ စိတ်ဝိဥာဏ်ပိုင်းဆိုင်ရာ ကိစ္စတစ်ခုပါပဲ။ လူချင်းတွေ့ဆုံဖို့၊
ဆက်သွယ်ဖို့ မလိုလှပါဘူး။ စာနဲ့ပဲ ဆက်သွယ်ထားတာပါ။ စာပေဟာ စာရေးသူနဲ့ စာဖတ်သူ
နှစ်ယောက်လုံးကိုယ့်ဆန္ဒနဲ့ ကိုယ် ရွေးချယ်တဲ့ လူသားရဲ့ ခွဲခြားမရတဲ့
လုပ်ငန်းဆောင်တာ တစ်ခုပါ။ ဒီ့အတွက် စာပေဟာ လူအုပ်၊ လူစု ကြီးအတွက် ဘာတာဝန်မှ
မရှိပါဘူး။
စာပေရဲ့
အတွင်းလက္ခဏာတွေ ပြန်လည်ရရှိလာတဲ့ ဒီလို စာပေမျိုးကို အေးစက်စက် စာပေလို့
ခေါ်နိင်ပါတယ်။ ရုပ်ဝထ္ထု လိုအင်တွေပြည့်ဝရုံနဲ့ မတင်းတိမ်နိင်တဲ့ လူသားရဲ့
စိတ်ဝိညာဏ်ပိုင်းဆိုင်ရာ သီးသန့်ရှာဖွေမှုကြောင့်သာ ဒီလို စာပေမျိုး
တည်ရှိနေတာပါ။ ဒီလို စာပေမျိုးဟာ ယနေ့အချိန်အခါ မှာ ထွက်ပေါ်မလာနိင်တော့ပါဘူး။
အတိတ်ကတော့
ဒီလိုစာပေမျိုးဟာ ဖိနှိပ်တဲ့ နိင်ငံရေးအင်အားစုတွေ၊ လူမှု ဓလေ့ထုံးစံဆိုတာတွေနဲ့
တိုက်ပွဲဝင်ခဲ့ရပါတယ်။ ယနေ့အချိန်ကာလမှာတော့ စားသုံးသူ လူ့အဖွဲ့အစည်းရဲ့
စီးပွားရေးတန်ဖိုးတွေ ဖျက်ဆီးတာကို ခုခံရုန်းကန်နေရပါပြီ။
ဆက်လက်ရှင်သန်ကျန်ရစ်ဖို့ဆိုတာ အထီးကျန်မှုကို ဘယ်လောက်ခံနိင်ရည်ရှိသလဲဆိုတာအပေါ်
မူတည်လို့နေပါတယ်။
စာရေးဆရာတစ်ယောက်ဟာ
ဒီလို စာမျိုးကိုပဲရေးဖို့ သံန္ဒိဌာန်ချထားရင်တော့ သူ့အတွက်နေရေးထိုင်ရေး
ခက်ပါလိမ့်မယ်။ ဒီလိုစာပေမျိုးကို စိတ်ဝိဥာဏ်ကို ဖြည့်ဆည်းဖို့သက်သက်၊
ဇိမ်ခံပစ္စည်းတစ်ခုအဖြစ်ပဲ ယူဆရပါလိမ့်မယ်။ ဒီလိုစာပေမျိုးဟာ ကံကောင်းလို့
ပုံနှိပ်ထုပ်ဝေခွင့်ရမယ်ဆိုရင်လည်း စာရေးဆရာနဲ့ သူ့သူငယ်ချင်းတွေ ကောင်းမှုနဲ့သာ
ဖြစ်ပါလိမ့်မယ်။ Cao Xueqin တို့ Kafka တို့ဟာ အဲဒီလို စာရေးဆရာမျိုးပါ။ သူတို့သက်တမ်းတစ်လျှော်မှာ
သူတို့စာတွေကို ပုံနှိပ်ထုပ်ဝေခွင့် မရခဲ့ရှာပါဘူး။ ဒီ့အတွက် စာပေလှုပ်ရှားမှု
လမ်းကြောင်းတစ်ခုကို ဖန်တီးတာမျိုး မလုပ်နိင်သလို ကျော်ကြားထင်ရှားတဲ့သူတွေလည်း
မဖြစ်လာခဲ့ပါဘူး။ ဒီ စာရေးဆရာတွေဟာ စာပေလောက ရဲ့ အဖျားအနားမှာသာ နေရပြီး
လူ့အဖွဲ့အစည်း ရဲ့ ချောင်တစ်နေရာမှာသာ
ကုတ်နေခဲ့ရပါတယ်။
သူတို့ဟာ ဘယ်လို ဆုလာဒ်မျိုးကိုမှ မမျှော်လင့်ပဲ ဒီလို
စိတ်ဝိဥာဏ်ပိုင်းဆိုင်ရာအလုပ်တွေမှာပဲ ကိုယ့်ကိုယ်ကို မြှပ်နှံထားခဲ့ကြပါတယ်။
အေးချမ်းတဲ့
စာပေဟာ ရှင်သန်ဖို့အတွက်ဆို ထွက်ပြေးဖို့ပဲရှိပါတယ်။ လူ့အဖွဲ့အစည်းရဲ့ စိတ်ဝိဥာဏ်
လွတ်မြောက်ရေးအတွက် လည်ပင်းညှစ်တောင်းဆိုမှုကိုတော့ လက်ခံမှာ မဟုပ်ပါဘူး။ လူမျိုးတစ်မျိုးဟာ
အဲဒီလို အသုံးချလို့မရတဲ့ စာပေမျိုးတွေကို နေရာမပေးခဲ့ဘူးဆိုရင် အဲဒီ စာရေးဆရာသာ
ကံဆိုးတာမဟုပ်၊ အဲဒီ လူမျိုးအတွက်လည်း ကံဆိုးမှုတစ်ခုသာဖြစ်ပါလိမ့်မယ်။
ကျွန်တော့်အတွက်တော့
သက်ရှိထင်ရှားနဲ့ အခုလို ဆွီဒင် အကယ်ဒမီကပေးတဲ့ ကြီးမြတ်တဲ့ ချီးမြှောက်မှုကို
ရရှိခဲ့တာ တကယ့်ကို ကံကောင်းတာပါပဲ။ ဒီလို ဆုရခဲ့တာမှာ ကမ္ဘာအရပ်ရပ်က
မိတ်ဆွေအများအပြားရဲ့ ကူညီပံ့ပိုးမှုကြောင့်လည်း ပါပါတယ်။ နှစ်ပေါင်းများစွာ
ကျွန်တော့်စာတွေကို သူတို့မှာ ဘာဆုလာဒ်မှမရပင်မယ့် အခက်အခဲတွေကို
နောက်မတွန့်ရင်ဆိုင်ပြီး ဘာသာပြန်ခဲ့ကြတယ်၊ ထုပ်ဝေခဲ့ကြတယ်၊ သရုပ်ဆောင်ခဲ့ကြတယ်၊
အကဲဖြတ်ခဲ့ကြပါတယ်။ ကျွန်တော့်အနေနဲ့ သူတို့ရဲ့ နာမည်တွေကို
တစ်ယောက်ချင်းရွတ်ဆိုဖို့ရာဒီနေရာမှာ များပြားလှပါတယ်။
ပြင်သစ်နိင်ငံကိုလည်း
ကျွန်တော့်ကိုလက်ခံနေထိုင်ခွင့်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ စာပေနဲ့
အနုပညာကို တန်ဖိုးထား လေးစားတဲ့ ပြင်သစ်နိင်ငံမှာ ကျွန်တော့်အတွက်
လွတ်လွတ်လပ်လပ်ရေးသားဖို့ အခြေအနေကောင်းတွေအများကြီး ရရှိခဲ့ပါတယ်။ စာဖတ်သူ
ပိရိသတ်များလည်း ရရှိခဲ့ပါတယ်။ စာရေးခြင်းဟာ အထီးကျန်လှတဲ့ အလုပ်လို့
ကိုယ့်ကိုယ်ကို ခံယူထားတဲ့ ကျွန်တော်ဟာ ကံကောင်း ထောက်မစွာပဲ စာရေးနေပင်မယ့်လည်း အထီးကျန်
မဆန်ခဲ့ပါဘူး။
ဒီနေရာမှာ
ပြောချင်တာက ဘဝဟာ အခမ်းအနားတစ်ခု မဟုပ်ပါဘူး။ အနှစ်တစ်ရာ့ ရှစ်ဆယ်လောက်
စစ်ပွဲတွေနဲ့ ကင်းဝေးခဲ့တဲ့ ဆွီဒင်နိင်ငံလိုမျိုး တစ်ခြားကမ္ဘာအရပ်ရပ်မှာတော့ မငြိမ်းချမ်းလှပါဘူး။
လာမယ့်ရာစုသစ် ဟာဘေးဒုက္ခကပ်ဆိုးတွေနဲ့ ကင်းဝေးမှာမဟုပ်တာတော့သေချာပါတယ်။
ဘာကြောင့်ဆို ပြီးခဲ့တဲ့ ရာစုနှစ်မှာ ဒါတွေကို အများကြီးကြုံခဲ့ကြပြီးပြီဖြစ်သလို
အမှတ်တရတွေဟာလည်း ဗီဇမျိုးရိုးလို လက်ဆင့်ကမ်းပါလာတာမျိုး မဟုပ်လို့ပါပဲ။ လူသားမှာ
စိတ် ဆိုတာပါလာပင်မယ့်လည်း အတိတ်က နေ သင်ခန်းစာယူဖို့ လုံလောက်တဲ့
အသိဥဏ်မရှိပါဘူး။ လူသားရဲ့ စိတ်ထဲမှာ မလိုမုန်းထား ယုတ်မာမှုတွေ
ပြန်လည်တောက်လောင်လာတဲ့ အခါမျိုးမှာလူသားကိုယ်၌ရဲ့ တည်ရှိမှုကိုပါ
ခြိမ်းခြောက်လာနိင်ပါတယ်။
လူသားမျိုးနွယ်ဟာ
တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်ပြောင်းလဲနေတာ မဟုပ်ပါဘူး။ ဒီနေရာမှာ လူ့ယဉ်ကျေးမှုသမိုင်းကို
ကိုးကားပြီး ပြောချင်ပါတယ်။ သမိုင်းနဲ့ လူ့ယဉ်ကျေးမှုဟာ တစ်ပြိုင်တည်း
အဆင့်မြင့်လာကြတာမဟုပ်ပါဘူး။ အလယ်ခေတ် ဥရောပရဲ့ ရပ်တန့်နေတဲ့ ကာလ၊ လတ်တလော
အာရှတိုက်ကုန်းတွင်းနိင်ငံတွေရဲ့ ကသောင်းကနင်းကာလ၊ လူတွေကို သတ်ဖြတ်ရာမှာ ပိုမို
ခေတ်မှီဆန်းကျယ်လာတဲ့ နှစ်ဆယ်ရာစုရဲ့ ဘေးကပ်ဆိုး ကမ္ဘာစစ်ကြီး နှစ်ခု။ ဒါတွေက
သိပ်ပံနဲ့ နည်းပညာတိုးတက်မှုတွေဟာ လူသားမျိုးနွယ်ရဲ့ ယဉ်ကျေးမှု မြင့်မားလာမှုနဲ့
မသက်ဆိုင်လှဘူး ဆိုတာ ညွှန်းဆိုနေခဲ့ပါတယ်။
သိပ်ပံရဲ့
ဝါဒတွေသုံးပြီး ရှင်းပြထားတဲ့ သမိုင်း ၊ ဒိုင်ယာလက်တစ်အတုတွေအပေါ်အခြေခံတဲ့ သမိုင်း
အမြင် တွေ ဟာ လူသားရဲ့ အပြုအမူကို ရှင်းလင်းဖို့မတတ်နိင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့
ရာစုမှာ စံပြလောကကြီးတစ်ခု ကို စိတ်ကူးယဉ်ကာ အဆက်မပြတ်လှုပ်ရှားခဲ့တဲ့
တော်လှန်ရေးတွေဟာ အခုတော့ ဖုန်မှုန့်တွေအဖြစ် တစ်စစီဖြစ်သွားခဲ့ရပါပြီ။
ရှင်သန်ကျန်ရစ်ခဲ့တဲ့ သူတွေမှာတော့ ခါးသီးလှတဲ့ ခံစားမှုတွေကိုယ်စီနဲ့။
ငြင်းပယ်မှုကို
ငြင်းပယ်တာဟာ အတည်ပြုတာမဟုပ်ပါဘူး။ တော်လှန်ရေးဟာ ဘာအသစ်အဆန်း တစ်ခုကိုမှ မဆောင်ကျဉ်း
ပေးနိင်ခဲ့ပါဘူး။ ဘာကြောင့်ဆို စံပြ ကမ္ဘာလောကသစ်ကြီးကို ဖန်တီးဖို့
အဟောင်းအမြင်းတွေကို ဖျက်ဆီးပစ်ရမယ်ဆိုတဲ့ အယူအဆပေါ် အခြေခံခဲ့လို့ပါပဲ။ ဒီ လို
လူမှုတော်လှန်ရေး သီအိုရီကို စာပေမှာလည်း အသုံးချကြပါတယ်။ ဒီ့အတွက် ဖန်တီးမှု
နယ်ပယ်ဟာ အရှေ့ကလူတွေကို ဖယ်ရှားသိမ်းပိုက်တဲ့ စစ်မျက်နှာပြင်ဖြစ်လာခဲ့ပါတယ်။
အစဉ်အလာ ရိုးရာတွေဟာ နင်းခြေရှုပ်ချခံလာရပါတော့တယ်။ ဒီ့အတွက် အားလုံးကို သုညကနေ
စရမယ်။ မော်ဒန်ဆန်မှုဟာ ကောင်းတယ်။ စာပေသမိုင်းဟာ အဆက်မပြတ် ဗြောင်းဆန်
လှုပ်ရှားမှု အဖြစ်မှတ်ယူခဲ့ကြတော့တယ်။
စာရေးဆရာဟာ
ဖန်တီးရှင်ရဲ့ နေရာကို မဖြည့်ဆည်းနိင်ပါဘူး။ သူ့ကိုယ်သူ
ဘုရားသခင်အဖြစ်တွေးကြည့်ဖို့ သူ့အတ္တကို ဖောင်းကားစေဖို့လဲမလိုပါဘူး။
ဒီလိုလုပ်ခြင်းဖြင့် သူ့ကို စိတ်မမှန်သူတစ်ယောက်၊ ရူးသွပ်နေသူ တစ်ယောက်အဖြစ်
ပြောင်းသွားစေတာပဲ ရှိပါမယ်။ ဒီ့အပြင် သူ့ပြင်ပ ပတ်ဝန်းကျင်တစ်ခုလုံးကို
မသန့်ရှင်းတဲ့နေရာအဖြစ် အမြင်မှောက်မှားကာ ဆက်လက်မနေထိုင်နိင်လောက်အောင်
ဖြစ်သွားစေပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိင်တော့တဲ့အခါ တစ်ခြားအရာတွေ အကုန်လုံးက
ငရဲ သာဖြစ်နေပါလိမ့်မယ်။ သူ့ကိုယ်သူလည်း အနာဂါတ်အတွက် စတေးနေသူတစ်ယောက်အသွင်
ဖမ်းကာ တစ်ခြားနောက်လိုက်တွေကိုပါ သူတို့ကိုယ်သူတို့
စတေးခံဖို့တောင်းဆိုပါတော့မယ်။
နှစ်ဆယ်ရာစုရဲ့
သမိုင်းကို ပြီးဆုံးစေဖို့ ဘာမှ အလျင်လိုစရာမလိုပါဘူး။ တကယ်လို့များ ကမ္ဘာကြီးဟာ
အိုင်ဒီယိုလိုဂျီ ဘောင်ကြီးထဲ တစ်ဖန် နစ်မြုပ်ရဦးမယ်ဆိုရင်တော့ ၊ ဒါဟာ အလဟဿ
သမိုင်းတစ်ခုသာ ဖြစ်ပါလိမ့်မယ်။ နောက်လူတွေက သူတို့ဘာသာ ပြုပြင်သွားပါလိမ့်မယ်။
စာရေးဆရာဟာ
ပရောဖတ်လည်း မဟုပ်ပါဘူး။ အရေးကြီးတာက ပစ္စုပါန် မှာနေဖို့ပါ။ အလိမ်အညာခံနေကြတာတွေ
ရပ်ဖို့ပါ။ အမြင်မှားနေတာတွေ စွန့်ပစ်ခဲ့ဖို့ပါ။ လက်ရှိအခိုက်အတန့်ကို
ရှင်းရှင်းလင်းလင်း သိမြင်ဖို့ပါတစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကို အသေအချာ
ဆန်းစစ်ဖို့ပါ။ ကိုယ့်ရဲ့ အတ္တ ကိုယ်၌က ဗရမ်းဗတာပါ။ လောကကြီးနဲ့ တစ်ခြားသူတွေကို
မေးခွန်းထုပ်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ပါ။ ကပ်ဆိုးတွေနဲ့ ဖိနှိပ်မှုတွေဟာ
တစ်ခြားသူတွေဆီက လာကြပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ရဲ့ သူရဲဘောကြောင်မှုနဲ့
စိုးရိမ်သောက က ဒုက္ခဝေဒနာတွေကို အဆမတန် မြင့်မားစေပါတယ်။ ဒီ့အပြင်မက
တစ်ခြားသူတွေကိုပါ ကံဆိုးစေနိင်ပါတယ်။
ဒါဟာ
လူသားမျိုးနွယ်နဲ့ တစ်သားထဲဖြစ်နေတဲ့ အပြုအမူပါပဲ။ လူသား ရဲ့သူ့ကိုယ်သူ
နားလည်မှုဟာလည်း အင်မတန်အသိရခက်လှပါတယ်။ စာပေဟာ လူသားရဲ့ သူ့ကိုယ်သူ
ငေးစိုက်ကြည့်မှုပါ။ တစ်ချိန်တည်းမှာ သိစိတ်အမျှင်တန်းလေးက ဒီ အတ္တပေါ်မှာ တစ်စတစ်စ
အလင်းဖြာကျလို့ပေါ့။
စာပေရဲ့
ရည်ရွယ်ချက်က ဖြိုချဖျက်ဆီးဖို့ မဟုပ်ပါဘူး။ စာပေရဲ့ တန်ဖိုးက မသိသလောက်
ဖြစ်နေတဲ့၊ လူသိနည်းသေးတဲ့၊ သိတယ်လို့ထင်နေပေမယ့် သေသေချာချာ မသိသေးတဲ့ လူသားရဲ့
ကမ္ဘာထဲက အမှန်တရားကို ရှာဖွေဖော်ထုပ်နိင်ခြင်းမှာ တည်ပါတယ်။ ဒီ့အတွက် စာပေရဲ့
ငြင်းပယ်လို့ မရတဲ့ အခြေခံ အကျဆုံး အရည်အသွေးက အမှန်တရား လို့ထင်ပါတယ်။
ရာစုသစ်လည်း
ရောက်လာခဲ့ပါပြီ။ ဒါဟာ တကယ်တမ်း သစ်မသစ် ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမယ့် စာပေ
မှာ တော်လှန်ပြောင်းလဲတာ၊ တော်လှန်ရေးစာပေတွေ၊ အိုင်ဒီိယို လိုဂျီ တွေဟာ
အဆုံးနိဂုံးရောက်လာနိင်ပါတယ်။ ရာစုတစ်ခုစာ အမြင်မှားနေခဲ့ကြတဲ့
စံပြလူ့အဖွဲ့အစည်းဆိုတဲ့ အရာလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။ စာပေမှာလည်း ဒီ ဝါဒ
ဟိုဝါဒ ဆိုတဲ့ ထူးခတ်ထားတာတွေကို စွန့်ပယ်နိင်လာတဲ့အခါမှာလူသားဖြစ်တည် မှုရဲ့
အကျဉ်းအကျပ်ကို ပြန်လည် ဦးလှည့်လာပါလိမ့်မယ်။ သို့ပေမယ့် လူသားဖြစ်တည်မှုရဲ့
အကျပ်အတည်းဟာ ပြောင်းလဲမှုနည်းလှတဲ့ အတွက် စာပေရဲ့ ထာဝရ အကြောင်းအရာတစ်ခု
ဖြစ်နေပါလိမ့်မယ်။
ဒီခေတ်ဟာ
ဗျာဒိတ်တွေ၊ ကတိတွေ ပေးတဲ့ ခေတ်မဟုပ်တော့ပါဘူး။ ကျွန်တော်ကတော့ ဒါဟာ
ကောင်းတဲ့လက္ခဏာလို့ မြင်ပါတယ်။ စာရေးဆရာတွေအနေနဲ့ လည်း ရှေ့ဖြစ်ဟောသူတွေ၊
တန်ဖိုးဖြတ်သတ်မှတ်သူတွေ အဖြစ်ကနေ ရပ်သင့်ပါပြီ။ အကြောင်းကတော့ရှေ့ရာစုရဲ့
ပရောဖတ်တော်တော်များများဟာ လူလိမ်တွေအဖြစ် ရောက်ရှိသွားကြလို့ပါပဲ။ အနာဂတ်နဲ့ ပက်သက်ပြီးတော့
နောက်ထပ် အယူသည်းမှုအသစ်တွေ မလိုတော့ပါဘူး။ စောင့်ကြည့်နေတာဟာ အကောင်းဆုံးပါပဲ။
စာရေးဆရာတွေအတွက်လည်း မျက်မြင်သက်သေတစ်ယောက်ရဲ့ အခန်းကဏ္ဍကို ပြန်ရယူပြီး
အမှန်တရားကို ဖော်ပြဖို့ သာ ကြိုးစားဖို့လိုပါတယ်။
ဒီလို
ပြောလိုက်လို့ စာပေကို မှတ်တမ်းမှတ်ရာ တစ်ခုအဖြစ်ဆိုလိုတာ မဟုပ်ပါဘူး။ တကယ်တမ်းမှာ
သက်သေအထောက်အထား ဖြစ်တဲ့ စာရွက်စာတမ်းတွေမှာလည်း အချက်အလက်တွေက အနည်းအကျဉ်းသာပါပြီး
နောက်ကွယ်မှာ ဖုံးအုပ်နေတဲ့ အကြောင်းတရားတွေ၊ ကြံရွယ်ချက်တွေနဲ့ပါ။ သို့ပေမယ့်လည်း
စာပေဟာ အမှန်တရားကို ကိုင်တွယ်ရာမှာ လူတစ်ယောက်ရဲ့ အတွင်းစိတ်မှသည်
ဖြစ်ရပ်အထိတိုင် ဖြစ်စဉ်တစ်ခုလုံးကိုဘာမှ မချန်ရစ်ပဲ ဖော်ထုပ်ဖို့လိုပါတယ်။ စာရေးဆရာအနေနဲ့
အဓိပါယ်မရှိတာတွေ လျှောက်ရေးမနေပဲ လူသားဖြစ်တည်မှုတကယ့်အခြေအနေမှန်ကို
ပုံဖော်နေသမျှ စာပေမှာ ဒီလို စွမ်းအားတစ်ရပ် ကိန်းဝပ်နေ ပါတယ်။
စာပေလက်ရာတစ်ခုရဲ့
အရည်အသွေးဟာ အမှန်တရားကို ဆုတ်ဖမ်းတဲ့ စာရေးဆရာရဲ့ ထိုးထွင်းသိမြင်မှုပေါ်လိုက်ပြီး
ကွာခြားသွားပါလိမ့်မယ်။ စကားလုံးကစားမှုတွေ၊ နည်းစနစ် ကစားမှုတွေသက်သက်နဲ့တော့
အစားမထိုးနိင်ပါဘူး။ တကယ်တော့ အမှန်တရားရဲ့ အဓိပါယ်ဖွင့်ဆိုမှတွေဟာ
လူတစ်ယောက်ချင်းစီကြားအများကြီး ကွဲပြားနေပါလိမ့်မယ်။ ဒါပေမယ့် စာရေးဆရာတစ်ယောက်ဟာ
အများကြိုက် အံ့ဖွယ်ကိစ္စတွေကိုပဲ တန်ဆာဆင်မွမ်းမံနေခဲ့တာလား။ ဒါမှမဟုပ်
ရိုးရိုးသားသား အပြည့်အဝ ပုံဖော်နေတာလားဆိုတာတော့ တစ်ချက်ကြည့်လိုက်တာနဲ့
သိနိင်ပါတယ်။ ဝါဒ တစ်ခုခုကို ကိုင်ဆွဲထားတဲ့ စာပေဝေဖန်ရေးတွေအနေနဲ့ မှန်ခြင်း
မမှန်ခြင်းကို စကားလုံးစီစစ်မှုတွေအဖြစ် ပြောင်းလဲ လိုက်ပါတယ်။ တကယ်တော့ ဒီလို
အခြေခံစည်းမျဉ်းတွေ၊ စာပေ ဝါဒတွေဟာ စာပေဖန်တီးမှုနဲ့ အနည်းအကျဉ်းသာ
သက်ဆိုင်နေခဲ့ပါတယ်။
သို့ပေမယ့်လည်း
စာရေးဆရာတစ်ယောက် အမှန်တရားကို ကိုင်တွယ်မှုရှိမရှိဆိုတာ ဖန်တီးမှုနည်းလမ်းတွေနဲ့ မသက်ဆိုင်ပါဘူး။
စာရေးခြင်းအပေါ် သူ့ခံယူချက်နဲ့ ဆိုင်ပါတယ်။ ကလောင်ကို ကိုင်စွဲလိုက်ပြီးနောက် ချရေးလိုက်တဲ့
တစ်ပြိင်နက်တည်း အမှန်တရားဟာ စာရေးဆရာရဲ့ ရိုးသားမှုအပေါ်တည်နေခဲ့ပါပြီ။ ဒီနေရာမှာ အမှန်တရားဟာ
စာပေကို တန်ဖိုးဖြတ်ရုံသာမက
ကျင့်ဝတ်ဆိုင်ရာ ဂယက်အနက်တွေလည်း ပေါ်ထွက်စေပါတယ်။ စာရေးဆရာရဲ့ အလုပ်က
စာရိတ္တပိုင်းဆိုင်ရာ သွေးဆောင်ဖြောင်းဖျဖို့ မဟုပ်ပါဘူး။ ကမ္ဘာအရပ်ရပ်က လူအမျိုးမျိုးအကြောင်း
ကြိုးစားပုံဖော်ရင်းနဲ့ ကိုယ့်ကိုယ်ကို (အတွင်းစိတ်ရဲ့ လျှို့ဝှက်ချက်တွေ အပါအဝင်)
မရိုးမသား ဖွင့်ဟဖေါ်ထုပ်မိတတ်ပါတယ်။ စာရေးဆရာအတွက် စာပေမှာရှိတဲ့ အမှန်တရားဟာ
ကိုယ်ကျင့်သိက္ခာနဲ့ နီးစပ်ပါတယ်။ ဒါဟာ စာပေရဲ့ ကျင့်ဝတ်ဗေဒပါ။
လေးနက်တဲ့
ခံယူချက်နဲ့ စာပေရေးသားနေတဲ့ စာရေးဆရာတွေအဖို့ စာပေ လုပ်ဇတ်တွေဖန်တီးရာမှာတောင်
လူသားဘဝမှန်ကို ဖော်ကြူးဖို့ဆိုတဲ့ အကြောင်းပြချက်ပေါ်အခြေခံပါတယ်။ ဒါဟာ
ရှေးခေတ်ကနေ ယနေ့ ခေတ်တိုင် ကျန်ရစ်နေဆဲလက်ရာတွေရဲ့ အသက်ဓါတ်ပါပဲ။
ဒီ့အတွက်ကြောင့်ပဲ ဂရိအလွမ်းဇတ်တွေနဲ့ ရှိတ်စပီးယားလက်ရာတွေဟာ ဘယ်တော့မှ
မရိုးနိင်ဖြစ်နေခဲ့တာပါ။
စာပေဟာ
ပကတိတရားရဲ့ ကိုယ်ပွားဖြစ်ရုံသာမက အပေါ်ယံမျက်နှာပြင် ကို ထွင်းဖောက်ပြီး အစစ်အမှန်
တရားရဲ့ အတွင်းပိုင်း အလုပ်လုပ်ပုံအထိ ဆင်းလေ့ရှိပါတယ်။ မှားယွင်းတဲ့
ထင်ယောင်မှားမှုတွေကို ဖယ်ရှားပေးပါတယ်။ သာမန် အဖြစ်အပျက်တွေကို ဟိုး အမြင့်ကနေ
ကြည့်ပါတယ်။ ကျယ်ပြောလှတဲ့ မြင်ကြည့်ပုံက အဖြစ်အပျက်တစ်ခုလုံးကို လွှမ်းခြုံပြသနေခဲ့ပါတယ်။
မှန်ပါတယ်။
စာပေဟာ စိတ်ကူးတွေးထင်မှအပေါ်မှာလည်း တည်မှီနေခဲ့ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ
လှည့်လည်နေတဲ့ ဒီခရီးက အမှိုက်သရိုက်တွေကို စုစည်းရုံသက်သက်တော့ မဟုပ်ပါဘူး။
အစစ်အမှန်ခံစားမှုကနေ လမ်းခွဲလာတဲ့ စိတ်ကူးတွေးထင်မှု၊ ဘဝအတွေ့အကြုံကနေ
လမ်းခွဲလာတဲ့ လုပ်ကြံဖန်တီးမှုဟာ ရသာမဲ့ အားနည်းတဲ့ လက်ရာတစ်ခုပဲ
ဖြစ်လာပါလိမ့်မယ်။ စာရေးဆရာကိုယ်၌ကို ယုံကြည်သက်ဝင်မှုမပေးနိင်တဲ့ စာပေလက်ရာဟာ
စာဖတ်သူများကိုလည်း လှုပ်လှုပ်ရှားရှား မဖြစ်စေနိင်ပါဘူး။ တကယ်တော့လည်း စာပေဟာ
သာမန်ဘဝရဲ့ အတွေ့အကြုံသက်သက်အပေါ် အခြေခံတာတော့လည်း မဟုပ်ပါဘူး။
သူကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမှုတွေပေါ်မှာပဲ ကန့်သတ်ထားတာ မဟုပ်ပါဘူး။
ဘာသာစကားအားဖြင့် မြင်ကြားသမျှ၊
ရှေ့က
စာရေးဆရာတွေရဲ့ ကနဦးလက်ရာတွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာမှန်သမျှဟာ
စာရေးဆရာတစ်ယောက်ရဲ့ ခံစားမှုအဖြစ် အသွင်ပြောင်းသွားနိင်ပါတယ်။ ဒါဟာလည်း
စာပေဘာသာစကားရဲ့ မှော်ဆန်မှု တစ်ခုပါပဲ။
ဘာသာစကားရဲ့
ကျိန်စာပဲ ဖြစ်ပစေ၊ ကောင်းချီးပေးမှုပဲ ဖြစ်ပါစေ၊ စိတ်နဲ့ ရုပ်ခန္ဒာကို
မွှေနှောက်နိင်စွမ်းရှိပါတယ်။ ဘာသာစကားအနုပညာဟာ သူ့ခံစားမှုတွေကို အခြားသူတွေကို
ကူးစပ်သယ်ဆောင် ပေးနိင်တဲ့အပေါ်မူတည်ပါတယ်။ ဒါဟာ သဒ္ဒါ ဖွဲ့စည်းမှုသက်သက်သာလိုတဲ့
စကားလုံးအဆောက်အအုံသက်သက်၊ သင်္ကေတ စနစ်တရပ်မဟုပ်ပါဘူး။ ဘာသာစကားရဲ့ နောက်ကွယ်က
သက်ရှိလူသားကိုသာ မေ့ချန်ထားခဲ့မယ်ဆိုရင် ဝေါဟာရ တွေရဲ့ ရင်းမြစ်နောက်လိုက်နေတာဟာ
ပညာတတ်တွေရဲ့ ကစားပွဲတစ်ခုသာ ဖြစ်သွားပါလိမ့်မယ်။
ဘာသာစကားဟာ
အယူအဆ အမြင်သဘောထား (concepts)သက်သက်၊ အယူအဆကို သယ်ဆောင်တဲ့အရာ သက်သက်မဟုပ်ပါဘူး။
တစ်ချိန်တည်းမှာ ခံစားမှုတွေ၊ အာရုံတွေကို နှိုးဆွနိင်ပါတယ်။
ဒီ့အတွက်ကြောင့်သက်ရှိလူသားတွေရဲ့ ဘာသာစကားကို သင်္ကေတ အမှတ်အသားတွေနဲ့
အစားမထိုးနိင်ပါဘူး။ လူတစ်ယောက် စကားပြောတဲ့ အခါ နောက်ကွယ်မှာ ရှိတဲ့ ဆန္ဒ၊
ကြံရွယ်ချက်၊ လေသံ၊ စိတ်လှုပ်ရှားမှု စတာတွေကို ဝေါဟာရတ္တဗေဒသက်သက်၊ အပြောအဆို
ပညာသက်သက်နဲ့ အပြည့်အဝ မဖော်ပြနိင်ပါဘူး။ စာပေ ဘာသာစကားရဲ့ နောက်ကွယ်အနက်ကို
သက်ရှိလူသားက အသံထွက်ပြောမှပဲ အပြည့်အဝ ဖော်ပြနိင်ပါတယ်။ ဒီ့အတွက် စာပေဟာ အတွေးတွေ
ကို သယ်ဆောင်ရုံတင်မက အကြားအာရုံကိုပါ ဆွဲဆောင်ဖမ်းစားနိင်ရပါမယ်။
လူသားမှာဘာသာစကားကို အဓိပ်ပါယ်တွေ သယ်ပို့ပေးရန်အတွက်သာ လိုအပ်တာမဟုပ်ပါဘူး။ လူသား
ဖြစ်တည်မှုကို နားထောင်အတည်ပြုပေးဖို့လည်း လိုအပ်ပါတယ်။
ဒေးကားရဲ့
စကားကို ငှားရမ်းသုံးစွဲရယင် စာရေးဆရာတစ်ယောက်အနေနဲ့ ငါပြောတယ်။
ထို့ကြောင့်ငါရှိတယ်လို့ ပြောနိင်ပါတယ်။ သို့ပေမယ့် အဲဒီ ငါ I ဟာ
စာရေးဆရာကိုယ်၌လည်း ဖြစ်နိင်သလို၊ ဝထ္ထုထဲက ဇတ်ကြောင်း ပြောသူ၊
ဇတ်ကောင်ကိုယ်တိုင်လည်း ဖြစ်နိင်ပါတယ်။ ဇတ်ကြောင်းပြောသူ ဇတ်ကောင်အနေနဲ့ သူလည်း
ဖြစ်နိင်ပါတယ်။ ခင်ဗျားလည်း ဖြစ်နိင်ပါတယ်။ အဲဒါက သုံးပွင့်ဆိုင်ပါ။ အဓိက
ပြောသူနာမ်စားကို သတ်သတ်မှတ်မှတ် ဖြစ်ဖို့က သိမှတ်နားလည်မှုတွေကို ပုံဖော်ဖို့
အခြေခံပါ။ အဲဒီကနေ အမျိုးမျိုးသော ဇတ်ကြောင်းပြော ပုံစံတွေ ပေါ်ထွက်လာရပါတယ်။
ကိုယ်ပိုင် ဇတ်ကြောင်းပြောနည်းနာတစ်ခုကို ရှာဖွေရင်းနဲ့ပဲ
စာရေးဆရာဟာ
သူ့ သိမှတ်နားလည်မှုတွေကို အခိုင်အမာပုံဖော်ရပါတယ်။
ကျွန်တော့်ဝထ္ထုတွေမှာ
သမားရိုးကျ ဇတ်ကောင်တွေနေရာမှာ နာမ်စားတွေသုံးပါတယ်။ ဇတ်လိုက် အကြောင်း ပြောဖို့၊
ဇတ်လိုက်ကို မီးမောင်းထိုးပြဖို့ နာမ်စား ကျွန်တော်၊ ခင်ဗျား၊ သူ တို့ကို
သုံးပါတယ်။ ဇတ်ကောင်တစ်ကောင်ကို နာမ်စားအမျိုးမျိုး သုံးပြီး ပုံဖော်ခြင်းအားဖြင့်
ခပ်လှမ်းလှမ်းမှာ ရှိနေသလို ခံစားရပါတယ်။ ကျွန်တော့် ပြဇတ်တွေမှာ
နာမ်စားအမျိုးမျိုး ပြောင်းသုံးခြင်းဖြင့် စင်ပေါ်က ဇတ်ဆောင်ကို ပိုမိုကျယ်ပြန့်တဲ့
စိတ်ပိုင်းဆိုင်ရာ နေရာကွက်လပ်တစ်ခု ဖန်တီးပေးပါတယ်။
ဖန်တီးအရေးအသားတွေ၊
ပြဇတ်တွေဟာ တစ်ချို့တွေ ပေါ့ပေါ့ တန်တန် ပြောနေကြသလို ဘယ်တော့မှ
ခေတ်တိမ်ပျောက်ဆုံးသွားမှာမဟုပ်ပါဘူး။
လူသားယဉ်ကျေးမှု
အစကတည်းက အတူယှဉ်တွဲမွေးဖွားလာတဲ့ ဘာသာစကားဟာ အံ့သြဖွယ်ရာတွေနဲ့ ပြည့်နေပြီး
၎င်းရဲ့ ဖော်ပြနိင်စွမ်းဟာလည်း အကန့်အသတ်မဲ့ပါတယ်။ ဘာသာစကားမှာ
ကိန်းအောင်းကျန်ရှိနေသေးတဲ့ အရာတွေကို ရှာဖွေဖော်ထုပ်ပျိုးထောင်ဖို့ဟာ စာရေးဆရာရဲ့
အလုပ်ပါ။ စာရေးဆရာဟာ ဖန်ဆင်းရှင် မဟုပ်ပါဘူး။ ကမ္ဘာကြီးဟာ ဘယ်လောက်ပဲ
ဟောင်းနွမ်းနေနေ သူ မဖယ်ရှားနိင်ပါဘူး။ လက်ရှိကမ္ဘာကြီးဟာ ဘယ်လောက်ပဲ
အဓိပါယ်ကင်းမဲ့ပြီး လူသားတွေနားမလည်နိင်လောက်အောင် ဖြစ်နေလည်း သူ့အနေနဲ့ စံပြကမ္ဘာသစ်တစ်ခု
မဖန်တီးနိင်ပါဘူး။ သို့ပေမယ့်လည်း သူ့အနေနဲ့ ရှေ့ကလူတွေပြောသွားတာကို ထပ်မံ ဖြည့်စွက်၍
သော်လည်းကောင်း၊ ရှေ့ကလူတွေ ရပ်ထားခဲ့တဲ့နေရာကနေ တစ်ဖန်စတင်လို့သော်လည်းကောင်း သစ်ဆန်းတဲ့
အဆိုတစ်ခုကို ဖန်တီးနိင်တာပါပဲ။
စာပေကို
ဖြိုဖျက်သိမ်းသွင်းဖို့ဆိုတာ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ အပြောအဆိုတွေပါ။ စာပေဟာ
ဘယ်တော့မှ မသေဆုံးနိင်သလို စာရေးဆရာတွေကိုလည်း ဘယ်လိုမှ မဖျက်ဆီးနိင်ပါဘူး။
စာရေးဆရာတိုင်းဟာ စာအုပ်စင်ပေါ်မှာ ကိုယ်ပိုင်နေရာ အသီးသီးရှိကြပါတယ်။
စာဖတ်သူရှိနေသရွေ့ သူက ရှင်သန်နေမှာပါ။ စာရေးဆရာ တစ်ယောက်အဖို့ လူသားသမိုင်းမှာ
နောက်လူတွေဖတ်ဖို့ စာပေအမွေအနှစ်အဖြစ် စာအုပ်တစ်အုပ် ချန်ထားနိင်ခဲ့တယ် ဆိုတာထက်ပိုကြီးမားလှတဲ့
ဆုလာဒ်မျိုး မရှိနိင်ပါဘူး။
စာပေဆိုတာဟာ
စာရေးဆရာ ရေးသားနေတဲ့အချိန်နဲ့ စာဖတ်သူ ဖတ်ရှုနေတဲ့ အခိုက်အတန့်မှာပဲ အမှန်တကယ်
တည်ရှိတာပါ။ အနာဂါတ်အတွက် ရေးနေတယ်ဆိုတာက ကိုယ့်ကိုယ်ကိုကော တစ်ခြားသူတွေကိုပါ
လှည့်စားချက် တစ်ခုပါ။ စာပေဆိုတာ နေထိုင်ရှင်သန်ဖို့အတွက် ရေးနေတာပါ။ သည့်အပြင်
လက်ရှိဖြစ်တည် နေတာကို အတည်ပြုပေးတဲ့အရာပါ။ စာပေဟာ ဘာကြောင့်များ သူ့ဘာသာသူ
ရပ်တည်နေနိင်သလဲ ဆိုတာကို တစ်စုံတစ်ယောက်ကများ မေးလာခဲ့ယင်တော့ စာပေရဲ့
ထာဝရပစ္စုပါန် ဖြစ်နေမှုနဲ့ ပုဂ္ဂလလူသားရဲ့ ဘဝကို အတည်ပြုပေးနိင်မှုကြောင့်ပဲလို့
ဖြေရပါလိမ့်မယ်။
စာကို
အသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့မဟုပ်ပဲ၊ စာရေးခြင်းအမှုမှာပဲ စူးစိုက်နစ်မြုပ်ကာ ဘာကြောင့်
ရေးနေတာလဲ၊ ဘယ်သူ့အတွက်ရေးနေတာလဲ ဆိုတာတွေ အရေးမပါလှတော့ပဲ၊ ပြင်းပြတဲ့အာသာ ဆန္ဒနဲ့
ရေးခြင်းအားဖြင့်သာ စာပေဆိုတာ မွေးဖွားလာရပါတယ်။ ဒီလို စာပေကို
အသုံးချခြင်းကင်းတဲ့ အမြင် ဟာ စာပေရဲ့ အခြေခံပါပဲ။ စာပေရေးသားခြင်းဟာ
အသက်မွေးဝမ်းကြောင်းတစ်ခုလိုဖြစ်လာတာဟာ ခေတ်သစ် လူ့အဖွဲ့ အစည်းရဲ့
အလုပ်ခွဲဝေမှုပုံစံရဲ့ ရလာဒ်ပါ။ ဒါဟာ စာရေးဆရာတွေအတွက် ခါးသက်သက် သစ်သီးတစ်လုံးပါပဲ။
အထူးသဖြင့်
ဈေးကွက်စီးပွားရေးက နေရာအနှံ့ပျံ့နှံ့နေပြီး စာအုပ် တွေက ကုန်ပစ္စည်းတစ်မျိုးလို ဖြစ်လာတဲ့
ယနေ့ မျက်မှောက် ခေတ်ကြီးမှာ ဒီကိစ္စက အရေးကြီးလာပါတယ်။ နေရာတကာ တွေ့နေရတဲ့ ဘာကိုမှ
မခွဲခြားတော့တဲ့ အရောရောအနှောနှော ဈေးကွက်ကြီးထဲမှာ စာရေးဆရာ တစ်ဦးချင်းကော၊
အတိတ်ကစာပေဂိုဏ်းဂဏတွေ၊ လှုပ်ရှားမှုတွေကော အားလုံး မရှိတော့ပါဘူး။
စာရေးဆရာတစ်ယောက်အနေနဲ့ ဈေးကွက်ရဲ့တောင်းဆိုမှုကို ဦးမညွှတ်ပဲ၊ ဖက်ရှုင်တွေ၊
ခေတ်ရေစီးကြောင်းအတိုင်း လိုက်မရေးပဲ နေမယ်ဆိုယင်သူ့အနေနဲ့ တစ်ခြား နည်းနဲ့
အသက်မွေးဖို့ ကြိုးစားရပါလိမ့်မယ်။ စာပေဟာ ရောင်းအကောင်းဆုံးစာအုပ်
မဟုပ်ပါဘူး။
အစဉ်လိုက်တန်းစီ စာရင်းထဲမှာလည်း မပါပါဘူး။ ရုပ်မြင်သံကြားမှာ စာအုပ်ကို
အရောင်းမြှင့်တင်တဲ့ စာရေးဆရာဟာ စာရေးတာထက် ကြေငြာခြင်းအလုပ်ကို လုပ်နေတာပါ။
စာရေးခြင်းရဲ့ လွပ်လပ်မှု ကို ဘွဲ့တံဆိပ်တွေ တပ်လို့မရပါဘူး၊ ဝယ်ယူလို့လည်းမရပါဘူး၊
အဲဒါဟာ စာရေးဆရာကိုယ်၌ရဲ့ အတွင်းထဲကတောင်းဆိုမှုအရ ပေါ်ထွက်လာတာပါ။
နှလုံးသားထဲမှာ
ဗုဒ္ဒ ရှိတယ်လို့ ပြောမယ့်အစား နှလုံးသားထဲမှာ လွပ်လပ်မှုရှိတယ်လို့
ပြောတာပိုကောင်းပါလိမ့်မယ်။ အကယ်၍များ တစ်ယောက်ယောက်ဟာ လွပ်လပ်မှုကို
တစ်စုံတစ်ရာနဲ့ လဲလှယ်ခဲ့မယ်ဆိုရင် လွပ်လပ်မှုငှက်ငယ်ဟာ ပျံထွက်သွားပါလိမ့်မယ်။
ဒါဟာ လွပ်လပ်မှုအတွက် ပေးဆပ်ရတဲ့ တန်ဖိုးပါပဲ။
စာရေးဆရာဟာ
ဆုလာဒ်တွေ၊ နစ်နာကြေးတွေ ဘာမှမတွက်ပဲ သူရေးချင်တာကို ရေးပါတယ်။ သူ့ကိုယ်သူ
သေချာစေဖို့သာမက လူ့အဖွဲ့အစည်းကို မေးခွန်းထုပ်ဖို့ပါ သူ စာရေးပါတယ်။ စာရေှးဆရာဟာ
သူ့ကိုယ်သူ သူရဲကောင်းတစ်ယောက်၊ တိုက်ပွဲဝင်သူတစ်ယောက်အသွင်ဆောင်ပြီး နာမည်ကြီးအောင်
မေးခွန်းထုပ်တာ မဟုပ်ပါဘူး။ သူရဲကောင်းတွေ၊ တိုက်ပွဲဝင်သူတွေဟာ ကြီးမားတဲ့
အောင်ပွဲတစ်ခုအတွက် ရုန်းကန်ရပါတယ်။ ချီးမြှောက်ထိုက်တဲ့ ဆောင်ရွက်မှုတွေ
တည်ဆောက်ရပါတယ်။ ဒါတွေဟာ စာပေရဲ့ ဘောင်နယ်ကို ကျော်ပါတယ်။ စာရေးဆရာတစ်ယောက်ဟာ
လူ့အဖွဲ့အစည်းကို စိမ်ခေါ်မေးခွန်းထုပ်ချင်တယ်လို့ဆိုရင် ဘာသာစကား ဘောင်ထဲကနေပဲ
မေးခွန်းထုပ်ရပါမယ်။ သူ့ဝထ္ထုထဲက ဇတ်ကောင်တွေ၊ အဖြစ်အပျက်တွေနဲ့ပဲ
မေးခွန်းထုပ်ရပါမယ်။ မဟုပ်ယင်တော့ သူဟာ စာပေကို အနာတရဖြစ်စေရုံပဲရှိပါမယ်။ စာပေဟာ
ဒေါသအလျောက် အော်ဟစ်နေတာမျိုးမဟုပ်ပါဘူး။ ထပ်ပြောရယင် တစ်ဦးချင်းရဲ့ မခံမရပ်နိင်
နာကျဉ်းမှုတွေကို စွပ်စွဲပုတ်ခတ်မှုတွေအဖြစ် စာပေက ပြောင်းလဲပေးမှာ မဟုပ်ပါဘူး။
လူသားတစ်ဦးအနေနဲ့ စာရေးဆရာရဲ့ ခံစားမှုတွေဟာ သူ့စာတွေထဲ ပျံ့နှံ့သွားတဲ့အခါမှပဲ
သူ့လက်ရာတွေဟာ အချိန်ရဲ့ တိုက်စားမှုကို ခံကာ နှစ်ရှည်လများ ရှင်သန်နေပါလိမ့်မယ်။
ဒီ့အတွက်ကြောင့်
တကယ်တမ်းပြောမယ်ဆိုရင် စာရေးဆရာတစ်ယောက်အနေနဲ့ လူ့အဖွဲ့အစည်းကို စိမ်ခေါ်တာမဟုပ်ပဲ၊
သူ့လက်ရာတွေသူ ပြန်စိမ်ခေါ်တာပဲ ဖြစ်ပါတယ်။ ကြာရှည်ခံတဲ့ လက်ရာတွေဟာ အချိန်ကာလနဲ့
သူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း ကိုကောင်းကောင်း တုန့်ပြန်နိင်ပါတယ်။ စာရေးဆရာနဲ့
သူ့လက်ရာတွေအပေါ် ကျီးအာသလို ဝိုင်းအာကြတာတွေဟာ အချိန်တန်ရင် တိတ်သွားကြပါလိမ့်မယ်။
ဒါပေမယ့် သူ့စာကို ဖတ်နေသူတွေ ရှိနေသရွေ့ သူ့အရေးအသားတွေဟာ ဂယက်ရိုက်နေပါလိ့မ်မယ်။
တကယ်တော့လည်း
ဒီလို စိမ်ခေါ်မေးခွန်းထုပ်မှုတွေက လူ့အဖွဲ့အစည်းကို မပြောင်းလဲနိင်ပါဘူး။ ဒါဟာ
လူမှုဂေဟဗေဒ ရဲ့ အကန့်အသတ်ကို လူတစ်ဦးချင်းအနေနဲ့ ကျော်လွန်ကြည့်တဲ့သဘောပါ။
မထင်မရှား ရပ်တည်ချက်တစ်ခုကို ကိုင်ဆွဲလိုက်တာပါပဲ။ ဒါပေမယ့်လည်း ဒါဟာ
ဘယ်လိုပဲဖြစ်ပါစေ လူတစ်ယောက်အနေ နဲ့သူ့လူသားဖြစ်တည်မှုကို ဂုဏ်ယူဝံ့ကြွားတဲ့ သာမန်
ရပ်တည်ချက်တစ်ခုပါပဲ။ တကယ်လို့များ လူ့သမိုင်းဟာ လူတစ်ဦးချင်းရဲ့ အသံမျိုးစုံကို
မကြားရပဲ မသိနိင်တဲ့ ဥပဒေသတွေနဲ့ ခေတ်ရေစီးကြောင်းတစ်လျောက်
မျက်စိမှတ်ရွေ့လျားနေရမယ်ဆိုရင် ဝမ်းနည်းစရာ သိပ်ကောင်းပါလိမ့်မယ်။ သမိုင်းရဲ့
ဒီ
လပ်ဟာချက်ကို စာပေက ဖြည့်ဆည်းပေးပါတယ်။ သမိုင်းရဲ့ ကြီးကျယ်လှတဲ့ ဥပဒေသတွေက
လူသားမျိုးနွယ်ကို မရှင်းပြနိင်
တဲ့အခါ
လူတွေဟာ သူတို့ရဲ့ကိုယ်ပိုင်အသံတွေနဲ့ပဲ ကျန်ရစ်ခဲ့ပါတော့တယ်။ လူသားမျိုးနွယ်ရဲ့
ပိုင်ဆိုင်မှု ဟာ သမိုင်းတစ်ခုတည်း မဟုပ်ပါဘူး။ စာပေအမွေအနှစ်တွေလည်းပါပါတယ်။ စာထဲမှာ
လူတွေဟာ ဖန်တီးမှု တစ်ခုသာပါပဲ။ ဒါပေမယ့် သူတို့ဟာ သူတို့နဲ့ ထိုက်တန်တဲ့
အကြွင်းမဲ့ယုံကြည်မှုကိုတော့ ထိမ်းသိမ်းထားပါတယ်။
အကယ်ဒမီမှ
ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား၊ အခုလို လွပ်လပ်စွာပဲ အမြဲမမှိတ်မသုန် ရေးသားခဲ့တဲ့၊
လူသားဒုက္ခဝေဒနာ နဲ့ နိင်ငံရေးဖိနှိပ်မှုတွေကို မရှောင်ရှားပဲ နိင်ငံရေး
အသုံးချမှုကိုမခံ ခဲ့တဲ့စာပေ တစ်ရပ်ကို နိုဘယ်စာပေဆု ချီးမြှင့်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ အခုလို ဈေးကွက်ကနေ ဖယ်ရှားခံရတဲ့ ၊ အာရုံစိုက်လည်း သိပ်မခံရတဲ့၊
အမှန်တကယ်ဖတ်ဖို့ ထိုက်တန်တဲ့ စာပေလက်ရာတွေကို ဒီအမြင့်မားဆုံးဆုကို
အပ်နှင်းတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ တစ်ချိန်တည်းမှာ အခုလို
စင်မြင့်ပေါ်ကနေ တစ်ကမ္ဘာလုံးကို ဟောပြောဖို့ ခွင့်ပြုခဲ့တဲ့ ဆွီဒင် အကယ်ဒမီကိုလည်း
ကျေးဇူးတင်ပါတယ်။ ပုံမှန်အားဖြင့် အများကြည့်ရှုနေတဲ့ မီဒီယာတွေ မှာ ကြားရမှာ
မဟုပ်တဲ့၊ နားထောင်ချင်လှမှာလည်း မဟုပ်တဲ့ နုံနဲ့နဲ့လူတစ်ဦးရဲ့ အားနည်းလှတဲ့
အသံကို အခုတော့ တကမ္ဘာလုံးကို ပြောခွင့်ရခဲ့ပါပြီ။ သို့ပေမယ့်လည်း ဒါကပဲ
နိုဘယ်ဆုရဲ့ အဓိပါယ် အတိအကျပဲဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ အခုလို
စကားပြောခွင့်ရတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒီနိုဗို
ပြန်ဆိုသည်။
၂၈
ဇူလိုင် ၂၀၁၂
No comments:
Post a Comment