လူဆိုတာ စနစ်လေး၊ ဇယားလေးတော့ရှိမှ ကောင်းမယ်လို့
ကျုပ်ထင်တယ်၊ မဟုတ်ရင် အလေ့ကျ ကျင်လည်ကျက်စားနေတဲ့ တိရစ္ဆာန်တွေနဲ့ ဘာများကွာခြားတော့မှာလဲ။
အခုပဲကြည့် ကျုပ်အပြင်ကလမ်းလျှောက်ပြီးပြန်အလာ
တံခါးဖွင့်ဖို့သော့လှမ်းရှာတုန်းရှိသေး၊ တံခါးကဖွင့်ရက်သားကြီး ဖြစ်နေတယ်၊ အိမ်ရှေ့မှာလည်း
တစ်ယောက်မှမရှိ မခက်လား၊ ဒါဟာ အိမ်ထဲရှိရှိသမျှ ချမ်းသာသမျှလေး တက်တက်စင်ပြောင်မယ့်
ကိစ္စ၊ အခန့်မသင့်ရင် လူတောင်အန္တရာယ်မကင်း၊
အနုကြမ်းစီးခံရနိုင်သေး၊ ဒါဟာ ဘယ်လိုမှမဖြစ်သင့်တဲ့ကိစ္စ၊ အိမ်မှာလူတွေ ဒီလောက်အများကြီးရှိပြီး
ဒီလိုဖြစ်ရတယ်လို့ ဟိုအကြီးဆုံးကောင်ကလည်း အသက်ကသာကြီးကြီးလာတယ် အရက်ကလေးတမြမြနဲ့
အိမ်မှာ ဘာတာဝန်မှယူတယ်လို့ မရှိဘူး၊ အငယ်ကောင်ကျပြန်တော့လည်း စာသမားယောင်ယောင်
ဘာယောင်ယောင်နဲ့ ဟိုလူခေါ် လိုက်သွား ဒီလူခေါ်ရင်လိုက်သွား အိမ်မှာမြဲတယ်လို့ကိုမရှိ၊
သမီးနှစ်ယောက်ကလည်း သူတို့ကလေးတွေနဲ့ အိမ်မှုကိစ္စတွေနဲ့ အမြဲကို ရှုပ်ထွေးလို့
တွေးကြည့်တာနဲ့ကို ခေါင်းနောက်လာတယ်။ အိမ်မှာအမြဲရှိတဲ့အမေကြီးကျတော့လည်း
မျက်စိကမွဲ၊ နားကထိုင်းနဲ့ ဘာမှ သုံးစားလို့မရ။ မဖြစ်သေးပါဘူးလေ
ဒီကိစ္စနဲ့ပတ်သက်ပြီး အလှည့်ကျတာဝန်ယူတဲ့စနစ်လေးတော့ စီမံဦးမှပါပဲ၊ ဒါဟာအိမ်ရဲ့ လုံခြုံရေး
ကိစ္စမဟုတ်လား၊ အခုလိုမျိုးပေါ့ဆလို့ ကန်ထရိုက်တိုက်ခန်းတွေမှာ
မယောင်မလည်နဲ့တက်လာပြီး ပစ္စည်း“မ״မသွားတာ မှုခင်းသတင်း တွေထဲမှာ မဖတ်ချင်မှအဆုံး၊ ဒါကို ဒင်းတို့တစ်ယောက်မှ
မကြားဖူးကြဖူးလား တကယ့်ကိုစံပါပဲ။ မဖြစ်ပါဘူး။ ဒီတနင်္ဂနွေ ရုံးပိတ်ရက် ကြမှ အားလုံးမျက်နှာစုံညီစည်းဝေးကြပြီး
ဒီလုံခြုံရေးကို ဘယ်သူဘယ်ဝါတာဝန်ယူမလဲ အများသဘောတူဆုံးဖြတ်မှပါပဲ။
ခက်တာက အိမ်ကလူတွေဟာ
စနစ်ဇယားနဲ့ အလုပ်လုပ်ဖို့စိတ်ကူးကိုမရှိတာပဲ ပြောရတာနားဝေးလွန်းအားကြီးတယ်။ တစ် လောကတင်
အိမ်ကမိန်းမနဲ့ကလေးတွေကို နင်တို့တွေအချိန်ဇယားလေးနဲ့ အလုပ်လုပ်သင့်တယ် တလစာအစီအစဉ်လေးဆွဲပြီး
ကိုယ် လုပ်ဖို့လိုတဲ့အရာတွေ အကြမ်းဖျင်းရာထားကြည့်ပါလားလို့ ပြောမိပါတယ်။ တစ်အိမ်သားလုံးက
ကျွန်တော့်ကို မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်ပြီး တုံဏှိဘာဝေလုပ်နေကြတယ်။ မသိရင် ကျုပ်ကပဲမတော်မတည့်တွေပြောနေတဲ့အတိုင်းပဲ
သားအကြီးက ပြောလိုက် သေးတယ် “ကျွန်တော်အရက်သောက်တဲ့အချိန်ကော အချိန်ဇယားထဲထည့်ရမှာလား״တဲ့ ကျုပ်လည်းစိတ်ပေါက်ပေါက်နဲ့ “အေး မင်း သောက်တဲ့အချိန်ရော၊
မှောက်တဲ့အချိန်ပါထည့်ထားလို့״ ပိတ်ဟောက်လိုက်မှပဲ
ပါးစပ်ပိတ်သွားတော့တယ်။ အိမ်ကလူတွေက အဲဒီလို။ စိတ်ကုန်ဖို့ကောင်းတယ်။
သမီးအကြီးကဆို
“အိမ်မှာ ဗာဟီရတွေက ဒီလောက်များနေတာ အဖေရာ၊ အဖေ့အချိန်ဇယားထဲထည့်လို့တောင် ဆန့်မှာ
မဟုတ်ဘူး״တဲ့ပြောပုံက ကျုပ်လည်းအချဉ်ပေါက်တာနဲ့
“အေးဟေ့၊ နင်တို့က ဘန်ကီမွန်းထက်တောင် အလုပ်များတဲ့သူတွေဆိုတော့ (၂၄)နာရီတောင် မလောက်ဘူးဖြစ်နေတာပေါ့လို့״
အငေါ်တူးလိုက်တော့ ဇက်ကလေးပုပြီး အမြီးကုပ်သွားတယ်၊ အရေးထဲ သူ့သား
အငယ်ကောင် (၃)တန်းကျောင်းသားက ဝင်နှောင့်သေးတယ်၊ “ဘိုးဘိုးကြီးရာ သားကတော့
အချိန်ဇယားဆို မုန့်စားဆင်းချိန်နဲ့ ကျောင်းလွှတ်ချိန်နှစ်ခုပဲ စိတ်ဝင်စားတယ်״တဲ့၊
အားလုံးကပြုံးစိစိနဲ့ သူပြောတာကိုကျိတ်ပြီး သဘောကျနေပုံမျိုး၊ ကျုပ်မှာသာ စိတ်ထဲ ကျလိကျလိနဲ့
အသည်းယားနေလိုက်တာ၊ ဒါနဲ့ မနိုင်နိုင်ရာ မိန်းမကိုလှည့်ပြီး “ ကဲ အမေကြီး ဘာပြုံးစိစိလုပ်နေတာလဲ״ လို့
လှမ်း ဟောက်လိုက်မှ “အဖေကြီးကလဲ၊ ကျွန်မမှာ ဒီအရွယ်အိုကြီးအိုမမှ ဘာအချိန်ဇယားများဆွဲရဦးမှာလဲ״လို့
ရယ်ကျဲကျဲနဲ့ပြန်ဖြေတယ်၊ ကျုပ်လည်း စကားနိုင်လုပြီး “ အေး သေမယ့်အချိန်ကိုသာဆွဲဟေ့״လို့
ဘုတောပစ်လိုက်တယ်။ တအိမ်လုံး “ဝါးခနဲ״ ပွဲကိုကျလို့။ အိမ် မှာက အဲဒီလို။
တခါတခါတော့ လူတွေဟာ အဲဒီလိုပဲ မေ့မေ့လျော့လျော့
ပေါ့ပေါ့ဆဆနေနေကြတာပဲလား။ အဲဒီလိုနေလို့ကောရသလား ကျုပ်တော့မေးခွန်းထုတ်မိတတ်တယ်။ ကျုပ်ကတော့ရုံးမှာ
အနှစ်သုံးဆယ်ကျော် လုပ်လာလို့လားမသိ၊ အရာရာကိုကြိုတင်စီမံပြီးမှ အလုပ်လုပ်တတ်တယ်။ အချိန်ကိုက်ပြီးစီးဖို့ကိုလည်း
အမြဲသတိထားတယ်၊ ဒါကြောင့်မို့လည်း အလုပ်ထဲမှာ ဘယ်တော့မှ ကသောင်း ကနင်း မဖြစ်ဖူးဘူး
ကြီးကြီးကျယ်ကျယ် အခက်တွေ့တာမျိုးလည်း မကြုံရဘူး၊ ဒီ့အတွက် ဝန်ထမ်းကောင်းလက်မှတ်တွေလည်း
ရခဲ့ဖူး ပါရဲ့။
ဒါ့ကြောင့် ကိုယ့်အိမ်ကလူတွေကိုလည်း အလုပ်ကိုအဲဒီလို
အလုပ်နဲ့တူအောင်လုပ်တတ်ဖို့ အမြဲတိုက်တွန်းနေရတာပေါ့။ ဒါပေမယ့် ပြောလည်းမောတာပဲ အဖတ်တင်ပါတယ်။
သိပ်တော့မထူးခြားလာပါဘူး။ ကြည့်လေ၊ ကျုပ်သမီးအကြီးဆို ကျုပ်တဖွဖွ သတိ ပေးတယ် နင့်ကလေးသုံးယောက်ရှေ့ရေးအတွက်
နင်တို့နှစ်ရှည်စီမံကိန်းတစ်ခုရှိထားရမယ်လို့၊ ဘာပြန်ပြောတယ်မှတ်လဲ “အဖေရာ၊ တစ်နေ့တစ်နေ့
နေ့ကူးအောင်တောင်မနည်းသက်ပြင်းချပြီး စီမံနေရတယ်၊ ဘယ်လိုလုပ်နှစ်ရှည်စီမံကိန်းချနိုင်မှာလည်း״တဲ့။
သူပြော သလိုတော့ သူ့ဆင်ခြေနဲ့သူ ဟုတ်နေတာပဲ။ ဒါပေမယ့်ဆင်ခြေဟာဆင်ခြေပဲလေ၊ ဖြေရှင်းချက်မှမဟုတ်တာ၊
ဆင်ခြေပေးလိုက်ရုံနဲ့ ပြဿနာက
ပြေလည်သွားမှာမှ မဟုတ်တာ၊ အဲဒီလိုပြောပြန်တော့ သူက “ကျွန်မ ဆင်ခြေကန်နေတာမဟုတ်ပါဘူး
အဖေရာ၊ စဉ်းစား ကြည့်၊ ကျွန်မတို့မှာ အခုဌါးနေတဲ့အခန်းတောင် နောက်ခြောက်လကြာရင် ဆက်နေလို့ရမရ
မသေချာသေးတာ၊ ဘာတွေကိုများ အသေအချာစီမံကိန်းဆွဲနိုင်မှာတဲ့လဲ״ တဲ့။ ကျုပ်လည်း သူနဲ့ကြာကြာဆက်ငြင်းနေရင် သွေးတက်လာလိမ့်မယ်ဆိုတာ
သိနေတော့ “အေးဟေ့ ငါကတော့ နင်တို့သားအမိတွေ ရှေ့ရေးရင်လေးလို့ ပြောနေတာ နားမထောင်ရင်လည်း
ဆက်မပြောတော့ဘူး״ လို့ပဲပြောပြီး လမ်းထိပ်လ္ဘက်ရည်ဆိုင်ဘက် စိတ်ဆိုးဆိုးနဲ့
ထွက်ထိုင်နေလိုက်တယ်။ ကျုပ်သားသမီးတွေက အဲဒီလိုမျိုး အဖေ့ခြေရာနင်းနိုင်တာ။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ကျုပ်ကတော့ ကျုပ်
“စံ״
အတိုင်းရအောင်လုပ်တယ်။
ဒီနေ့လည်း လစဉ်ငွေစာရင်းရှင်းတမ်းကို ချုပ်ဖို့ ရှိသေးတယ်။ ဘယ်သူတွေဘာပြောပြော ကျုပ်ကတော့
အိမ်ရဲ့လစဉ်ဝင်ငွေထွက်ငွေကလေးကို စာရင်းလေးအမြဲတို့ပြီး မှတ်ထားလေ့ ရှိတယ်။ လကုန်ရက်နီးလာတာနဲ့
အဲဒီစာရင်းလေးတွေကိုပေါင်းပြီး လချုပ်ငွေစာရင်းရှင်းတမ်းလေး အမြဲလုပ်ထားတယ်၊ ပြီးရင်အိမ်သား
တွေဆုံတဲ့ ညပိုင်းလေးမှာ (၁)နာရီလောက်အချိန်ယူပြီး ကျုပ်ရဲ့ငွေစာရင်းရှင်းတမ်းလေးကို
ထုတ်ပြန်ကြေငြာလေ့ရှိတယ်။ အဲဒီမှာ လည်း ကျုပ်အိမ်ကတော့ ထုံးစံအတိုင်း သိပ်စိတ်ပါလှတယ်တော့မဟုတ်။
ဝဋ်ရှိလို့သာ နားထောင်နေရတဲ့သဘောမျိုး ပုံဆောင်နေကြတယ်။
တခါတရံ ကလေးတွေကို မျက်ရိပ်ပြပြီး ကိုးရီးယားကား လာနေပြီလို့ အော်ခိုင်းတတ်တယ်။ ကျုပ်ကလည်း
မာမာပဲ၊ ကလေးတွေကို “ဒီမှာအရေးကြီးကိစ္စရှိတယ်၊ အနားမလာနဲ့လို့״ ပိတ်
ဟောက်ပစ်လိုက်တယ်။ ကလေးတွေရော လူကြီးတွေပါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ငြိမ်ကုပ်သွားကြတယ်။
ပြီးတော့ ကျုပ်ရဲ့ငွေစာရင်းရှင်းတမ်းပြီးတဲ့အထိ စိတ်မသက်မသာနဲ့ နားထောင်ပေးနေခဲ့ကြတယ်။
ငွေစာရင်းဆိုတာ အလုပ်မှန်သမျှရဲ့ အသက်၊ အဖွဲ့အစည်းမှန်သမျှရဲ့ သွေးကြောပဲမဟုတ်လား။
ဘယ်လောက်ဝင်ငွေရှိမှန်းမသိ၊ ဘယ်လောက်သုံးနေမိမှန်းမသိတဲ့ အလုပ်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲဖြစ်ဖြစ်
အနှေးနဲ့အမြန်ဒုက္ခရောက်ဖို့သာ ရှိတာပဲလေ။ ကျုပ်လည်း ဒီသဘောကို တဖွဖွပြောပါတယ်။ ဒါပေမယ့်
ထုံးစံ အတိုင်း ဆင်ခြေဆင်လက်မျိုးစုံ ရှာကြံပေးကြတော့တာပဲ။ အငယ်ကောင်ကဆို “ကျွန်တော်တို့မှာ
အကြွေးနဲ့ စားသောက်လိုက်၊ လကုန်ပြန်ရှင်းလိုက်နဲ့ မဝင်ခင် ထွက်နေတဲ့ငွေတွေကို ဘယ်လိုလုပ်
ဝင်ငွေထွက်ငွေ ရှင်းတမ်းလုပ်ရမှာလဲဗျာ״ တဲ့။ အငယ်မကလည်း အားကျမခံ “ဟုတ်တယ်အဖေရ၊ ဝင်ငွေထွက်ငွေက
ဘယ်တော့မှ မျှမှာလည်းမဟုတ်ဘူး။ ဒီ့ထက်လျော့သုံးလို့က မရတော့ဘူး၊ အဲဒီ တော့ အဲဒီဇယားဆွဲပြီးမှ
ကိုယ့်အကြွေးကိုယ် သတိထားမိပြီး ပိုစိတ်ဆင်းရဲရမယ်၊ လုပ်မနေပါနဲ့အဖေရာ״ တဲ့။
ကဲ ကောင်းကြသေးရဲ့ လား။ ကျုပ်လည်း စိတ်ကတော့ အတော့်ကိုကုန်နေပြီ။ ဒါပေမယ့် ကျုပ်သာစိတ်လျှော့လိုက်ရင်
ဒင်းတို့ဒီ့ထက်ပိုပြီး စည်းမဲ့ကမ်းမဲ့ ဖြစ်လာလိမ့်မှာ ကျိန်းသေပဲ။
ကျုပ်သဘောက ဘာမဆိုဆင်ခြင်တုံတရားနဲ့ ကျိုးကြောင်းကျကျ
စဉ်းစားလုပ်ကိုင်စေချင်တာပါ။ ဒါမှလည်း ဘဝမှာ အမှား အယွင်းနည်းမှာ မဟုတ်လား။ ဒါပေမယ့်
အိမ်မှာတော့ အဲဒီလိုမဟုတ်ဘူး။ တစ်လောကပဲ အငယ်မလင်မယား ရန်ဖြစ်ကြတယ်။ ယူပြီး တာမှ ဘယ်လောက်မှမကြာသေးဘူး။
လင်မယားရန်ဖြစ်တာတော့မဆန်းပါဘူး။ ကျုပ်တို့လင်မယားလည်း ငယ်ငယ်ကဆို တကြတ် ကြတ်ပေါ့။
ဒါပေမယ့် ကျုပ်ဖြစ်စေချင်တာက ပြဿနာတစ်ခုကို
နှစ်ဖက်စလုံးက ခေါင်းအေးအေးထားပြီး အဖြေရှာကြဖို့ပါ။ တစ်ယောက်ကိုတစ်ယောက် နာကျင်အောင်ပုတ်ခတ်ပြောဆိုနေကြမယ့်အစား
တစ်ယောက်ကိုတစ်ယောက် အကျိုးသင့် အကြောင်း သင့် ရှင်းပြကြပြီး တိုင်ပင်ဖြေရှင်းကြရင်
မကောင်းပေဘူးလား။
အခုတော့ တစ်ယောက်နဲ့တစ်ယောက် စကားပြောအဆင်မပြေကြတာနဲ့
ငယ်ကျိုးငယ်နာတွေဖေါ်၊ မဟုတ်ကဟုတ်ကတွေ စွပ်စွဲ၊ နာကျင်အောင်နင့်နင့်သီးသီးပြောဆို၊ အို
စိတ်ပျက်စရာကြီးပါ။ တခါတခါ ကျုပ်လည်း မနေနိုင်တာနဲ့ လင်မယားကြားဝင်ပြီး ဖြေရှင်းပေးမိတယ်။
ကျုပ်ပြောတာက ရှင်းရှင်းလေး၊ လင်ရောမယားရော နှစ်ယောက်လုံးကိုမေးတယ်။ မင်းတို့တစ်ယောက်ကို
တစ်ယောက် ဘာမကျေနပ်တာရှိလဲ ပွင့်ပွင့်လင်းလင်းပြောကြ တစ်ယောက်ကိုတစ်ယောက် ဘာဖြစ်စေချင်သလဲ
ပြောပါ။ ဘာမှ သွယ်ဝိုက်နေစရာမလိုဘူး။ အဲဒီလိုဆိုတော့လည်း နှစ်ယောက်လုံးက တုတ်တုတ်မလှုပ်ဘူး။
ပြီးတော့ ပြိုင်တူပြောကြတာက “အဖေ နားမလည်ပါဘူး״တဲ့။ “ပြဿနာက အဲဒီလိုရိုးရိုးစင်းစင်းဖြေရှင်းလို့ရယင်
ဒီလိုရန်ဖြစ်နေစရာတောင်မလိုဘူးတဲ့״ အဓိကက လူ မကောင်းတာ၊ လူဆိုပြီး တစ်ယောက်ကိုတစ်ယောက်က
လက်ညှိုးထိုး၊ ရန်စောင်ပြီး သတ်ကြဖြတ်ကြတော့မယ့်အတိုင်း၊ ကျုပ်လည်း ထုံးစံအတိုင်း လမ်းထိပ်လ္ဘက်ရည်ဆိုင်သာ
ထွက်လာမိတယ်၊ အဲဒီက ကက်ဆက်သံတောင် အိမ်က အသံတွေလောက်ဆူလိမ့်မယ် မထင်ဘူး။ ရေနွေးပူပူက
စိတ်ကိုအေးသွားစေတယ်။
ဒီကိစ္စတွေကတော့ ပြောရင်လည်း ကုန်မယ်မထင်ဘူး။
အဲဒီမကုန်မယ့်ကိစ္စတွေပဲ လူကလည်း ပြောချင်နေတာ။ ပြောလို့မှ မဆုံးသေးဘူး၊ “အဖေကြီး ဧည့်သည်״ ဆိုတော့
စိတ်ထဲထောင်းခနဲဖြစ်သွားတယ်၊ ဒီနေ့ ကျုပ်ဘယ်သူနဲ့မှတွေ့ဖို့ မချိန်းထားဘူးလေ။ ငွေစာရင်းရှင်းတမ်းကို
ဒီနေ့အပြတ်လုပ်မယ်လို့ စိတ်ကရည်စူးပြီးသား။ ဒီကြားထဲ ဘယ်ဧည့်သည်က အလိုက်ကမ်းဆိုးမသိ
လာရတာ လဲလို့ တွေးနေမိတယ်။
အဲ့ဒီဧည့်သည်ကလည်း ကျုပ်သဘောကို သိလို့လားမဆိုနိုင်ပါဘူး။
ဖိတ်စာတစ်ခုပေးပြီး ချက်ချင်းပြန်ထွက်သွားတယ်။ မြေး ကလေးက အဲဒီဖိတ်စာယူလာတော့မှ ကျုပ်လည်းဘာများလည်းလို့
ကြည့်မိတယ်။ ဒါလည်း မကျွတ်သေးပါဘူး။ မင်္ဂလာဆောင် ဖိတ်စာတော့ မဟုတ်တန်ကောင်းပါဘူးလေလို့
တွေးရင်းနဲ့ ဖြစ်ချင်တော့ ကျုပ်ရုံးက ဖိတ်စာ၊ အခမ်းအနားတစ်ခုတက်ရောက်ဖို့ ပင်စင် စားတွေကို
ဖိတ်တဲ့စာ၊ အဲဒီဖိတ်စာကိုမြင်မှ ရုတ်တရက်ကျုပ်စိတ်ထဲမှာ ကသိကအောက်ကလေးဖြစ်သွားတယ်။
“ပင်စင်စား״ တဲ့။ တစ်နည်းအားဖြင့် “အငြိမ်းစား״ ပေါ့။
ဘယ်လိုပဲခေါ်ခေါ်လေ ဒါဟာလူတစ်ယောက် စင်ပေါ်ကဆင်းသွားရမယ့်
အချိန်ပဲမဟုတ်လား။ လောကကြီးမှာ ကျုပ်ဆိုတဲ့ လူတစ်ယောက်ရဲ့ အခန်းကဏ္ဍဟာပြီးဆုံးသွားပါပြီလို့ ဆိုလိုတာပဲမဟုတ်လား။
ဒီလိုနဲ့ပဲ လူတစ်ယောက်ဟာ ဘာသာတရားဖြစ်ဖြစ် တစ်ခုခုရဲ့အောက်ထဲမှာ ခိုလှုံရာရှာရတော့မှာလား။
မထင်မရှားဘဝနဲ့ မြင်မြင်သမျှကို ပါးစပ်လေးပိတ်ပြီး မြုံထားရတော့မှာလား။ ချောင်တစ်ချောင်မှာကွယ်ပြီး
အရာရာကိုမမြင်ချင်ယောင်ဆောင်နေရတော့မှာလား။ မြတ်စွာဘုရား၊ ဘဝဆိုတာ ဒီလိုပဲအဆုံးသတ်
ရမှာလား။ စိတ်ပျက်စရာ။
ကျုပ်မှာ တွေးရင်းတွေးရင်း ဒေါသထွက်လာမိပြန်တယ်။
ဒါပေမယ့် ကျုပ်စိတ်ထဲမှာတော့ မီးမောင်းတွေက ထိုးထားဆဲပဲလို့ ခံစားနေရတယ်။ ကျုပ်ကိုကျုပ်
အိုလှပြီလို့ ဘယ်လိုမှတွေးကြည့်လို့မရနိုင်ဘူး။ ဟုတ်တယ်၊ စိတ်ထဲမှာ အချိန်ပိုတင်မကသေးဘူး၊
ပိုင်နယ်တီပါ ကန်ချင်မိသေးတယ်။ မိနစ်(၉ဝ)ဟာ ကျုပ်အတွက်တော့ တိုတောင်းလွန်းလှတယ်မဟုတ်လား။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ရုတ်တရက်ခေါင်းထဲမှာ
ဖတ်ဖူးတဲ့ဝတ္ထုတစ်ပုဒ်ပေါ်လာတယ် “ဟဲမင်းဝေးရဲ့ ပင်လယ်ပြာနှင့်တံငါအို״ လေ။
ကျုပ်ကောင်းကောင်းမှတ်မိတယ် အဲသည်ဝတ္ထုရဲ့ဇါတ်သိမ်းခန်းမှာ အဘိုးအို စန်တီယာဂိုဟာ အာဖရိက
က ခြင်္သေ့တွေ အကြောင်း အိပ်မက်မက်လို့ပေါ့။
ဒီနိုဗို
No comments:
Post a Comment