အခန်း
(၂)
ကျုပ်တို့မြို့က အေးချမ်းပါတယ်
မြို့စွန်မြို့ဖျား
ရပ်ကွပ်လေးများ
အမှိုက်သရိုက်
အညစ်အကြေး တွေ၊ ရွှံ့နွံတွေ၊ အမှောင်ထုတွေကို အုပ်သိုင်းလွှမ်းခြုံကာ
ဖုံးကွယ်လို့ထားသည့် နှင်းတွေက ကာ့ကို သန့်စင်မှု အကြောင်း ပြောပြနေခဲ့သည်။
သို့သော်လည်း ဒါက ကားစ်ကို ရောက်ရောက်ချင်းနေ့တွင်သာ၊ နောက်နေ့တွေမှာတော့ ဒါကို အပြစ်ကင်းစင်လှသည့်
အဖြူထည်သက်သက် အဖြစ် မမြင်တော့။ နှင်းတွေ ကျနေပုံက မခံမရပ်နိင်အောင် ငြီးငွေ့စရာ၊
ထိတ်လန့်စရာ ကောင်းလာခဲ့သည်။ ညက တစ်ညလုံး နှင်းတွေ ကျနေခဲ့သည်။ မနက် တမနက်လုံးလည်း
နှင်းတွေက မစဲ၊ ကာတစ်ယောက်
သတ္တိကောင်းလှသည့် သတင်းထောက် တစ်ယောက်လို အလုပ်လက်မဲ့ ကာဒ့် တွေပြည့်နေသည့်
ကော်ဖီဆိုင်တွေရှိရာ လျှောက်သွားပြီး မဲဆန္ဒရှင်များနှင့် တွေ့ဆုံမေးမြန်းကာ
ရေးမှတ်နေခဲ့သည်။ ထို့နောက် ယခင်မြို့တော်ဝန် ဟောင်းနှင့်လည်းကောင်း ၊
အုပ်ချုပ်ရေးမှုး၏ လက်ထောက်နှင့်လည်းကောင်း၊ သတ်သေသွားသည့် မိန်းခလေးများ၏
မိသားစုများနှင့်လည်းကောင်း တွေ့ဆုံဖို့ရန် နှင်းခဲနေသည့် မတ်စောက်စောက် လမ်းကို
တက်လာတော့လည်း နှင်းတွေက မစဲနိင်သေး။ ယခုတော့ သူ့မှာ ခလေးဘဝက နှင်းဖုံးလမ်းများကို
ပြန်လည် မလွမ်းမော နိင် တော့။ ခလေးဘဝ ကြီးပြင်းခဲ့ရာ နီစမ်းတက်စ် က
အိမ်ပြူတင်းပေါက်လေးဘေးမှာ ရပ်ပြီးငေးငေးမောမော နှင့် ယုံတမ်းပုံပြင်တွေထဲ
ချောင်းမြောင်း ကြည့်နေခြင်းမျိုး
မလုပ်နိင်တော့။ သူ အိပ်မက်ခဲ့ဖူးသည့် လူလတ်တန်းစား ဘဝ ကို
ဖော်ဆောင်နိင်မည့် ဤအရပ်ကို ပြန်လာဖို့ လည်း မစဉ်းစားနိင်တော့၊ ထိုအစား နှင်းတွေက
သူ့ကို ဝေဒနာ နှင့် မျှော်လင့်ချက် ကင်းမဲ့ခြင်း အကြောင်းတွေသာ ပြောပြနေခဲ့သည်။
မနက်စောစော
တစ်မြို့လုံး မနှိုးသေးခင်၊ နှင်းတွေ သူ့ကို အနိင်မယူသေးခင်၊ အတာတွက်
လမ်းမကြီးအောက်ဖက် မြို့စွန်တဲစု
ရပ်ကွက်လေးရှိရာ
ကာတစ်ယောက် သွက်သွက်လေး လှမ်းလာခဲ့သည်။ ရပ်ကွက်လေးက ကာလီယယ်တီ ရပ်ကွက်ဟု သိကြသည်။
ပလိန်းပင်များ၊ အမြဲစိမ်းပင်များ၏ နှင်းဖုံးနေသည့်
သစ်ကိုင်းများအောက် အလောတကြီး လျှောက်လာယင်း မြင်ကွင်းထဲပေါ်လာ သည် ကတော့
ပြူတင်းပေါက်ကနေ မီးဖိုပိုက်ကိုယ်စီ ထိုးထွက်နေသည့် ရုရှားအဆောက်အအုံကြီးများ၊
သစ်သား ကုန်လှောင် ရုံကြီးများ၊ လျက်စစ် ဓါတ်အားပေးရုံကြီးများပေါ်က မိုးထားသည့် နှစ်ထောင်ချီသက်တမ်းရှိပြီဖြစ်သော
အာမေးနီးယန်း ဘုရားကျောင်းများ၊ နှစ်ငါးရာသက်တမ်းရှိပြီ ဖြစ်သည့်
ကျောက်တုံးတံတားပေါ်ကနေ ဖြတ်သွားဖြတ်လာမှန်သမျှကို ဆီးဟောင်နေသည့် ခွေးတစ်သိုက်၊
တစ်ဝက်တစ်ပျက်ခဲနေပြီဖြစ်သည့် အနက်ရောင် မြစ်ရေပြင်ပေါ်
တဖွဲဖွဲကျဆင်းနေသည့် နှင်းများ၊ နှင်း ကဗလာ အောက်မှာ မလှုပ်မယှက် တည်ရှိနေသော
ကာလီယယ်တီ၏ တဲပုတ်လေးတွေ ထဲကနေ ဖဲကြိုးတစ်စလို တလူလူ လွင့်ဝဲနေသော
မီးခိုးမျှင်များ၊ ဤမြင်ကွင်းကို ကြည့်ရင်း သူ့မှာ ဆို့နင့်လာသဖြင့် မျက်ရည်များပင်လည်လာမိသည်။
တစ်ဖက်ကမ်းမှာတော့ ခလေးနှစ်ယောက်၊ တစ်ယောက်က ယောက်ျားလေး၊ တစ်ယောက်က မိန်းခလေး၊
စောစောစီးစီး ပေါင်မုန့်ထွက်ဝယ်ခိုင်းလိုက်တာ ဖြစ်မည်။ ပူပူနွေးနွေး
ပေါင်မုန့်လုံးကို အပြန်အလှန်ပစ်ကစားယင်း၊ ရင်ဘတ်နဲ့ ဖမ်းယူယင်း လမ်းတစ်လျှောက်
ကခုန်နေပုံက ပျော်စရာ ကောင်းလှသဖြင့် ကာ တစ်ယောက် မပြုံးပဲ မနေနိင်အောင်
ဖြစ်မိသည်။ တကယ်တော့ သူ့ကို စိတ်အနှောက်အယှက် ဖြစ်စေသည်က ဆင်းရဲမွဲတေမှုနှင့်
မျှော်လင့်ချက်ကင်းမဲ့ခြင်း တို့မဟုပ်။ သူ့ စိတ်ကို ထိခိုက်စေသည်က နောက်ရက်တွေမှာလဲ
ထပ်တလဲလဲ တွေ့ရမည့် လူသူကင်းမဲ့ သည့် ဓါတ်ပုံဆိုင် ပြူတင်းများ၊ မြို့၏
အလုပ်လက်မဲ့များ ဖဲကစားယင်း အချိန်ဖြုန်းရာ ရေခဲနေသည့် လဖက်ရည်ဆိုင် ပြူတင်းများ၊
နှင်းဖုံးလွှမ်းနေသည့် ခြောက်ကပ်ကပ် မြို့လယ်ကွက်လပ်များ စသည့် မြင်ကွင်းတွေ
ပဲဖြစ်သည်။ သည်မြင်ကွင်းတွေက ထူးထူးဆန်းဆန်း အင်အားပြင်းထန်လှသည့် အထီးကျန်ခြင်းတစ်မျိုးကို
ပြောပြနေခဲ့သည်။ သူ့မှာ တကမ္ဘာလုံး မေ့လျော့ထားသော အရပ်တစ်ခုကို ရောက်နေရသလိုလို၊
ကမ္ဘာပျက်ခါနီး မစဲတမ်းကျနေသည့် နှင်းတွေထဲ ရောက်နေရသလိုလို။
တစ်မနက်လုံးတော့ ကာ တစ်ယောက် ကံကောင်းနေခဲ့သည်။ တွေ့သမျှ
လူတိုင်းက သူ့ကို လက်ဆွဲနှုပ်ဆက်ချင်ကြသည်။ သူ့ကို
အစ္စတန်ဘူက နာမည်ကျော် ဂျာနစ်လစ်တစ်ယောက်လို ဆက်ဆံကြသည်။
အုပ်ချုပ်ရေးမှူးလက်ထောက်ကနေ လူမွဲအဆုံး၊ သူ့ကို
တံခါးဖွင့် ကြိုဆိုကြသည်။ သူ့ကို မြို့နှင့်
လိုက်လံမိတ်ဆက်ပေးသူက ဆာဒါ ဘိုင်၊ သူက စောင်ရေ သုံးရာနှစ်ဆယ် ရှိသည့် နယ်စပ်မြို့
သတင်းလွှာ ကို ထုပ်ဝေသူ၊ ရံဖန်ရံခါ ဒေသဆိုင်ရာ
သတင်းတွေကို အစ္စတန်ဘူရှိ ရီပတ်ဘလီကန် သတင်းစာကို ပို့လေ့ရှိသည်။ (အများစုက
အပယ်ခံရသည်ချည်း)။ ကာ ကို မနက်ဟိုတယ်က ထွက်ကတည်းက နယ်ခံသတင်းထောက်နှင့် တွေ့ဖို့
ပြောကြသည်။
သူ့ရုံးခန်းမှာ အခြေကျနေပြီဖြစ်သည့် ထို
ဂျာနစ်လစ်အိုကြီးကို တွေ့တွေ့ခြင်းပဲ
ကားစ်မြို့တစ်ခွင် မသိတာ မရှိသည့် ပုဂ္ဂိုလ်ကြီးမှန်း သူ နားလည်လိုက်မိသည်။
နောက်သုံးရက်လုံး သူ အကြိမ်ကြိမ်ကြားရမည့် မေးခွန်းကို ကနဦးဆုံးမေးခဲ့သည်မှာလည်း
ဤ ပုဂ္ဂိုလ်ကြီး
ဆာဒါ ဘိုင် ပင်။
‘ကျုပ်တို့ နယ်စပ်မြို့လေးက ကြိုဆိုပါတယ်၊ ဒါနဲ့
မောင်ရင် ဘာကိစ္စအတွက် ဒီကိုပေါက်ချလာခဲ့တာလည်း’
ကာ က မြူနီစပယ် ရွေးကောက်ပွဲအကြောင်း မျက်နှာဖုံး
ဆောင်းပါးရေးဖို့ လာခဲ့ကြောင်းနှင့် သတ်သေသွားသည့် မိန်းခလေးများအကြောင်း လည်း
ရေးဖြစ်ကောင်း ရေးဖြစ်နိင်ကြောင်း ရှင်းပြသည်။
ဘတ်မန် မှာလိုပဲ ဒီမှာလည်း သတ်သေသွားတဲ့
ခလေးမတွေအကြောင်း ပုံကြီးချဲ့ပြောနေကြတာပါဗျာ ဟု ဂျာနယ်လစ်ကြီးက ပြန်ပြောသည်။
ဒါနဲ့ လက်ထောက်ရဲမှူးကြီး ကာဆင်ဘိုင် နဲ့
သွားတွေ့ရအောင်လေ၊ မောင်ရင် ရောက်နေကြောင်း သူတို့လည်း သိထားသင့်တာ
ပေါ့၊ လိုရမယ်ရပေါ့ဗျာ
ဂျာနယ်လစ်များက အစ မြို့လေးကို အသစ်ရောက်ရှိလာသူတိုင်း
ရဲစခန်းကို သွားရောက် မျက်နှာပြရသည်မှာ နယ်မြို့လေး၏ ဓလေ့
ထုံးစံတစ်ခုလိုဖြစ်နေခဲ့သည်။ ဟိုး လေးဆယ်ကျော်
နှစ်များကတည်းကပင်။ သူ့မှာလည်း နှစ်ပေါင်းများစွာ နိင်ငံခြားမှာ ပြည်ပြေးတစ်
ယောက်အဖြစ်နေလာခဲ့ပြီး ပြန်ရောက်စ လူတစ်ယောက်အနေဖြင့် ဤ
စိတ်ကူးကို ကန့်ကွက်ရန်မရှိ။ ထို့ပြင် ဘယ်သူမှ ထုပ်မပြော
ကြပေမယ့် သူ့စိတ်ထဲမှာ ကာဒစ် ခွဲထွက်ရေး ပျောက်ကျား
(Kurdish separatist guerillas_PKK) များ မြို့ထဲတွင် ရှိနိင်သည်ဟု
ခံစားရတာလည်းပါသည်။
နှင်းတောထဲ နှစ်ယောက်သား ထွက်လာခဲ့ကြသည်။ လမ်းမှာ
သစ်သီးဈေးတစ်ခုကို ဖြတ်သည်။ ကာဇိုင်း ကာရာဘီကာ ရိပ်သာရှိ
အပိုပစ္စည်းများ၊ ကုန်မာပစ္စည်းများ ရောင်းရာ
စတိုးဆိုင်တန်းကို ဖြတ်သည်။ တီဗွီထိုင်ကြည့်သူကြည့် ၊ အပြင်မှာ ကျနေသည့်
နှင်းများကို ငေးသူငေးနှင့် စိတ်ဓါတ်ကျနေသည့် အလုပ်လက်မဲ့များ စတည်းချရာ
လက်ဖက်ရည်ဆိုင်များကို ဖြတ်လာခဲ့သည်။ အဝါရောင်ဒိန်ခဲတုံးကြီးများ ခင်းကျင်းထားရာ
နို့ထွက်ပစ္စည်းဆိုင်ကို ဖြတ်လာခဲ့သည်။ ဤသို့ဖြင့် မြို့ကို ထောင့်ဖြတ် ဖြတ်လျှောက်
လာခဲ့ရာ ၁၅ မိနစ်ခန့် ကြာခဲ့သည်။
လမ်းမှာ ဆာဒါဘိုင်က ရပ်ပြီး မြို့တော်ဝန်ဟောင်း
လုပ်ကြံခံရသည့် နေရာကို ပြသသေးသည်။ ကောလဟာလများအရ သူ့မှာ သာမန်
မြူနီစံပါယ်အငြင်းပွားမှုလေးတစ်ခုအတွက်
ပစ်သတ်ခံခဲ့ရသည်ဟုဆိုသည်။ ဥပဒေနှင့် မညီဆောက်ထားသော လသာဆောင် ကို
ဖြိုဖျက်မိန့်ချခဲ့သည့်အတွက် လုပ်ကြံခံရသည်ဟု ဆိုသည်။ လုပ်ကြံသည့်သူကိုလည်း
သုံးရောက်မြောက်နေ့တွင် သူထွက်ပြေး တိမ်းရှောင် သည့် ရွာတွင် ဖမ်းမိခဲ့သည်။ သူ
ပုန်းအောင်းသည့် တဲထဲတွင် သူ့ကို လက်နက်နှင့်တကွ ဖမ်းဆီးမိခဲ့သည်။ သို့သော်လည်း
သူ့ကို ဖမ်းမမိခင် သုံးရက်အတွင်း နားနှင့်မဆံ့ကြားခဲ့ရသည့် အတင်းအဖျင်းတွေကြောင့်
ယခုလို သာမန်ကိစ္စ လေးကြောင့် အသတ်ခံရသည်ဆိုတော့ အားလုံး စိတ်ပျက်လက်ပျက်
ဖြစ်သွားခဲ့ကြသည်။ အားလုံးမှာ မိထားသည့် တရားခံကိုပင်
ဟုပ်မှ ဟုပ်ရဲ့လားဟု မယုံနိင်အောင် ဖြစ်နေခဲ့ကြသည်။
ကားစ်၏ ရဲဌာနချုပ်က ဖိက်ဘိုင်ရိပ်သာလမ်းရှိ
ရှည်မျောမျောသုံးထပ်အဆောက်အဦးတစ်ခု တွင် တည်ရှိသည်။ ကျောက်တုံးများဖြင့်
တည်ဆောက်ထားသည့် ရှေးဟောင်းအဆောက်အဦးကြီးမှာ တစ်ချိန်က
လူချမ်းသာ ရုရှားများ အာမေးနီးယန်းများပိုင်ဆိုင်ခဲ့ကြပြီး ယခုတော့ အစိုးရ
ရုံးအဆောက်အဦးအဖြစ်သာ အသုံးများတော့သည်။ လက်ထောက် ရဲမှူးကြီးကို နှစ်ယောက်သား
ထိုင် စောင့်ရင်း ဆာဒါဘိုင် က မွမ်းမံချယ်သထားသည့် မျက်နှာကျတ်အမြင့်ကြီးကို
ညွှန်ပြကာ ရုရှားလက်အောက်ကျရောက်ခဲ့သည့် ၁၈၇၇ နှင့် ၁၉၁၈ ကြားကာလအတွင်း ဤ
အခန်းလေးဆယ် အိမ်ခန်းတွဲကြီးကို လူချမ်းသာ အာမေးနီးယန်းတစ်ယောက် နေထိုင်ခဲ့ပြီး
နောက်ပိုင်းတွင် ရုရှား ဆေးရုံအဖြစ် အသုံးပြုခဲ့သည်ဟု ဆိုသည်။
ဘီယာဗိုက်နှင့် လက်ထောက်ရဲမှူးကြီး ကာဆင်ဘိုင်က
ကော်ရစ်ဒါတစ်လျှောက် လျှောက်လာပြီး သူတို့နှစ်ယောက်ကို သူ့အခန်းထဲ
ဝင်ဖို့ ဖိတ်ခေါ်သည်။ သူနှင့်
စကားပြောကြည့်လိုက်သည်နှင့် ချက်ခြင်းပဲ ကာ သဘောပေါက်လိုက်သည်။ သည်လူက
ရီပတ်ဘလီကင် လို နိင်ငံပိုင် သတင်းစာကို လက်ဝဲယိမ်းသည်ဟု ယူဆပြီး မဖတ်၊ ပြီးတော့
သူ့လို ကဗျာ ဆရာတစ်ယောက်ကို အရေးတယူလုပ်နေသည့် ဆာဒါဘိုင်ကိုလည်း သိပ်မကြည်လင်။
သို့သော်လည်း ဒေသခံသတင်းစာတစ်စောင်ကို ထုပ်ဝေနေသူ
တစ်ယောက်အနေဖြင့်တော့ သူ့ကို ကြောက်ရွံ့လေးစားသည်။
ဆာဒါဘိုင် ၏ စကားဆုံးသည်နှင့် ရဲမှူးကြီးက ကာဘက်လှည့်ပြီး
ခင်ဗျား အစောင့်အရှောက်လိုလား ဟုမေးသည်
ခင်ဗျာ
အရပ်ဝတ်ရဲသားတစ်ယောက်လောက် လိုမလား မေးတာပါ။ ခင်ဗျား
စိတ်အေးလက်အေး နေရအောင်လို့ပါ
ကျွန်တော့်အတွက် လိုလို့လား ဟု ကာကမေးလိုက်သည်။ သူ့လေသံက
လမ်းလျှောက်လျင် ကြိမ်တုတ်နဲ့လျှောက်ဟု အကြံပေးသည့် ဆရာဝန်ကို အလန့်တကြား
ပြန်မေးလိုက်သည့် လေသံမျိုး။
ကျုပ်တို့ မြို့က အေးချမ်းပါတယ်၊ ကျုပ်တို့ကို
တကွဲတပြားဖြစ်အောင် လုပ်မယ့် အကြမ်းဖက်သမား မှန်သမျှ ဆွဲစိ ထားတာကိုး။ ဒါပေမယ့်
ခင်ဗျားကို လိုရမယ်ရ အစောင့်အရှောက်ထားဖို့တော့ တိုက်တွန်းချင်တယ်
ကားစ် က ငြိမ်းချမ်းတဲ့အရပ်ဆိုယင် ကျွန်တော့်အဖို့
အစောင့်အရှောက်မလိုပါဘူး ဟု ကာက ပြောလိုက်သည်။
သူ့စိတ်ထဲမှာတော့ လက်ထောက်ရဲမှူးကြီးက ဟုပ်ပါတယ် ကားစ်က
အေးချမ်းတဲ့အရပ်ပါဟု ထပ်ပြီးများ နှစ်သိမ့်မလား တိတ်တခိုး
မျှော်လင့်နေခဲ့သည်။ သို့သော် ကာဆင်ဘိုင်က ဒါကို
နောက်ထပ်မဟတော့။
သူတို့နှစ်ယောက်လည်း အဆင်းရဲဆုံး ရပ်ကွက်များဖြစ်သည့်
ကာလီယေတီ နှင့် ဘေယမ်ပါစ တို့ရှိရာ မြောက်ဘက်ကို ဦးတည်ပြီး
လျှောက်လာခဲ့ကြသည်။ အိမ်တွေက ကျောက်တုံးများ၊
အုပ်ခဲများ၊ အလူမီနီယမ် အမြှောင်းများဖြင့် ကာရံထားသည့် ခနော် ခနဲ့ တဲပုတ်လေးများသာ။
နှင်းတွေ အဆက်မပြတ် ကျဆင်းနေသည့်ကြားက သူတို့မှာ တစ်အိမ်ပြီး တစ်အိမ်
ကူးနေခဲ့ကြသည်။ ဆာဒါဘိုင်က အိမ်တံခါးတစ်ချပ်ကို ခေါက်လိုက်သည်။
ပြန်ထူးသည့်မိန်းမသံကို ကြားသည်နှင့် အိမ်ထောင်ဦးစီးရှိလားဟု မေးသည်။ သည့်နောက် ထိုသူ ဘယ်သူဘယ်ဝါမှန်း သိလိုက်သည်နှင့်
ဆာဒါဘိုင်က ယုံကြည်မှုအပြည့်အဝနှင့်ပြောတော့သည်။ ဒါ သူ့မိတ်ဆွေ နာမည်ကြီး
ဂျာနယ်လစ်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအကြောင်း ရေးဖို့ အစ္စတန်ဘူကနေ ဖြစ်သည့်နည်းနဲ့
ကားစ်ကို အရောက် လာခဲ့တာ ဖြစ်ကြောင်း၊ သည့်အပြင် မြို့ကလေးရဲ့ အကြောင်း နောက်ထပ်ရေးဖို့တွေလည်း
ရှိကြောင်း၊ ဥပမာ ဒီမြို့မှာ ဘာကြောင့် မိန်းမအများအပြား ကိုယ့်ကိုယ်ကို
သတ်သေကြတာလဲ ဆိုတာမျိုး။ သည့်အတွက် မြို့သူမြို့သားများအနေဖြင့် စိတ်ထဲမှာ ပူပန် နေရသည့်ကိစ္စတွေကို
သူ့ကို ပြောပြသင့်ကြောင်း၊ သည်ကတဆင့် မြို့အတွက် ကောင်းသောအရာများ ဆောင်ကျဉ်းပေးလာ
နိင်ကြောင်း စသဖြင့် ရှင်းပြသည်။ အချို့
အိမ်များကတော့ အတော့်ကို ဖေါ်ရွေကြသည်။ သူတို့အမြင်မှာ ကာ နှင့် ဆာဒါဘိုင်တို့
နှစ်ယောက်ကို နေကြာဆီဘူးများ၊ ဆပ်ပြာသေတ္တာများ၊ ကွပ်ကီး နှင့်
အီတလီခေါက်ဆွဲခြောက်ထုပ်များ ဆောင်နှင်းပေးနိင်မည့်သူများ ဟု ထင်နေလို့လည်း ဖြစ်နိင်သည်။
အိမ်ရှင်များအနေနှင့် စူးစမ်းချင်လို့ပဲဖြစ်စေ၊ ရိုးရိုးတန်းတန်း ဧည့်ဝတ်ကျေပွန်သည့်အနေဖြင့်
ပဲဖြစ်စေ သူတို့နှစ်ယောက်ကို အိမ်ထဲ ဖိတ်ခေါ်ပြီးသည်နှင့် နောက်တစ်ဆင့်အနေနှင့်
မလွဲမသွေလုပ်ရသည့်အလုပ်က ကာကို ခွေးမကြောက်ဖို့ ပြောရခြင်းပင်။ အချို့အိမ်တွေကတော့
တံခါးကို စိုးတထိတ်ထိတ်နှင့် ဖွင့်ပေးကြသည်။ သူတို့မှာ ရဲများ၏ ခြိမ်းခြောက်မှုကို
နှစ်ပေါင်းများစွာခံလာရသည့် အတွက် သူတို့နှစ်ယောက်ကို အစိုးရလူမဟုပ်မှန်း
သိသော်လည်း ဒါ တစ်ဖက်လှည့်နဲ့ ရှာဖွေတာပဲ ဖြစ်လိမ့်မည်ဟု ယူဆကာ ရေငုံနှုတ်ပိတ်သာ
နေကြသည်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြသော မိန်းခလေးများ၏ ကျန်ရစ်သူ
မိသားစုများကတော့ နဲနဲ ပါးပါး သတိပေး နိမိတ်ပြခြင်းမျိုးတောင် မလုပ်ခဲ့ကြသည့်
သူတို့ သမီးများအတွက် အံ့သြထိတ်လန့် ကာ ပူဆွေးကြေကွဲမှု ဖြစ်ရကြောင်း မချိတင်ကဲ
ပြောဆိုကြသည်။ (ဤသို့ သတ်သေမှုမျိုး ခြောက်မှုခန့်ရှိကြောင်း ကာ တစ်ယောက်
တစ်ထိုင်တည်းမှာ ကြားလာခဲ့ရသည်)
သူတို့မှာ ကွပ်ပျစ်ဟောင်းကြီးတွေပေါ်ထိုင်ပြောခဲ့ကြသည်။
ရွဲ့တဲ့တဲ့ ကုလားထိုင်များပေါ်လည်း ထိုင်ပြောခဲ့ကြသည်။ အခန်းတွေက ရေခဲမတက်၊ မြေကြီးအခင်းပေါ်မှာ
စက်ယက်ကော်ဇော်တွေခင်းလို့၊ သူတို့မှာ တစ်အိမ်ပြီး တစ်အိမ်ကူးတိုင်း အိမ်ခန်းတွေက ပွားပွား
လာသလိုပင်။ အိမ်ပြင်ထွက်လိုက်သည်နှင့်
ပလစ်စတစ်ကားအပျက်များ၊ လက်တဖက်သာကျန်တော့သည့် အရုပ်များ၊ ပုလင်းလွတ်
များ၊ လက်ဖက်ခြောက်ဘူးခွံ၊ ဆေးဘူးခွံအလွတ်များကို
ဟိုဘက်သည်ဘက် ကန်နေကြသည့် ခလေးများကို ဖြတ်သွားရသည်။ သူတို့
မှာ အဆက်မပြတ်မွေပေးနေမှ အနွေးဓါတ်ရသည့် မီးဖိုများ၊
တရားမဝင်ခိုးသွယ်ထားသည့်မီးလိုင်းဖြင့် ဖွင့်နေသည့် လျက်စစ်အပူပေး စက်များ၊
ဘယ်တော့မှပိတ်သည်မရှိသည့် အသံတိတ် တီဗွီများ ဘေးမှာ ထိုင်ယင်း ကားစ်၏ ဘယ်တော့မှ
မဆုံးနိင်သည့် ဒုက္ခသုက္ခ များအကြောင်း နားထောင်နေခဲ့ရသည်။
သူတို့မှာ အလုပ်လက်မဲ့ ဖြစ်သူဖြစ်၊ ထောင်ကျသူ
ကျဖြစ်နေသည့် သားတွေကြောင့် မျက်ရည်မဆည်နိင်အောင်ဖြစ်နေကြသည့် အမေများ၏ ပူဆွေးသောကကို
လည်း နားထောင်ပေးခဲ့ရသည်။ ဘာမန်မှာ တစ်နေ့ ဆယ့်နှစ်နှစ်နာရီ အလုပ်လုပ်သော်လည်း
မိသားစု ရှစ်ယောက်ကို လောက်ငအောင် မထောက်ပံ့နိင် ဖြစ်နေသည့် ရေချိုးခန်းစောင့် တစ်ယောက်၏
ရင်ဖွင့်သံကိုလည်း ကြားနာ ခဲ့ရသည်။ လက်ဖက်ရည်ဖိုး ပင် မတတ်နိင်တော့သည့်အတွက်
လက်ဖက်ရည်ဆိုင်ထိုင်ဖို့ပင် အခက်တွေ့နေရသည့် အလုပ်လက်မဲ့တစ်ယောက်၏ ပူပင်မှုကိုလည်း
မှတ်သားခဲ့ရသည်။ သည်လူတွေ အားလုံးက အလုပ်လက်မဲ့နှုန်းမြင့်မားမှုကို ပြစ်တင်ခဲ့ကြသည်။
သူတို့၏ ဆိုးရွားလှသည့် ကံကို ငြီးတွားခဲ့ကြသည်။ မြို့တော်ကောင်စီ နှင့် အစိုးရကို
လက်ညှိုးထိုးခဲ့ကြသည်။ သူတို့ကြုံနေရသည့် ဒုက္ခအဝဝ၏ အကြောင်းရင်း ဇတ်မြစ် ကို
ပြည်နယ်အုပ်ချုပ်သူများနှင့် နိင်ငံတော်အစိုးရအထိတိုင် ခြေရာခံကြည့်ကြသည်။ ဤသို့ဖြင့်
သူတို့မှာ တစ်အိမ်ပြီး တစ်အိမ် ကူးယင်း၊ ဆင်းရဲ ဒုက္ခ ကြုံရသည့် ဇတ်လမ်းများကို
နားထောင်ယင်း တစ်ချိန်မှာ ကာ စိတ်ထဲ ပြူတင်းပေါက်က အဖြူရောင် အလင်းတန်း တွေ တွေ့နေလျက်နှင့်
အရိပ်ကမ္ဘာတစ်ခုထဲ ရောက်ရှိနေသလို ခံစားလိုက်မိသည်။ အခန်းတွေက မှောင်လွန်းသဖြင့် ပရိဘောဂတွေက
မသဲမကွဲ၊ သည့်အတွက် အပြင်ဘက်က နှင်းတွေကို အငမ်းမရ ကြည့်ပြန်တော့လည်း သူ့မျက်စိတွေ
ပြာပြီး ဘာမှ မမြင်ရ။ မျက်စိရှေ့မှာ ဇာပုဝါပါးဖြင့် ကာရံထားသလိုပင်၊
တစ်နည်းအားဖြင့်လည်း ဤ နာကျင်စရာ ဆင်းရဲမွဲတေလှသည့် အဖြစ်အပျက် ဇတ်လမ်းတွေကနေ
သူ့ကို လွတ်မြောက်စေပြီး နှင်း
တွေရဲ့ တိတ်ဆိတ်မှုထဲမှာ အားဖြည့်အနားယူနေရသလိုပင်။
သူ ထိုနေ့က ကြားခဲ့ရသည့် သေကြောင်းကြံမှု ဇတ်လမ်းများကတော့
ကြားဖူးသမျှ အဆိုးဆုံးပင်။ ဒီဇတ်လမ်းတွေက သူ့ဘဝ တစ်လျှောက်လုံးခြောက်လှန့်နေမှာ
သေချာသည်။ ကာ အဖို့ ဆင်းရဲမွဲတေမှုနှင့် ကူကယ်ရာမဲ့မှု တွေအတွက် သိပ်ပြီး
အံ့သြထိတ်လန့်မှု မဖြစ်။ ထို့အတူ မိန်းခလေးများကို အမြဲ ရိုက်နှက်ညှင်းဆဲနေမှုတွေ၊
သူတို့ကို အပြင်ပင် ပေးမထွက်သည့် ခံစားမှုကင်းမဲ့သည့် အဖေလုပ်သူတွေ၊ ဝန်တိုတတ်သည့်
ယောက်ျား ဖြစ်သူ၏ အလွတ်မပေး စောင့်ကြည့်နေမှုတွေ စသည် တို့အတွက်လည်း သူ အလန့်တကြား
ဖြစ်မိခြင်းမျိုးမရှိ။ သူ့ကို ထိတ်လန့် ကြောက်ရွံ့မိစေသည်က ထိုမိန်းခလေးများ ၏ သတ်သေပုံ သတ်သေနည်းကြောင့်ပင်။ သူတို့မှာ
ပုံမှန် နိစ္စဓူဝ ကိစ္စများကို လုပ်ယင်းကိုယ်ရင်း ဘာ အထိမ်းအမှတ်၊ ဘယ်လို သတိပေး
နိမိတ်ပြခြင်းမျိုးမှ မလုပ်ပဲ ရုတ်တရက် ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားခဲ့ကြသည်။
ဥပမာ ပြရလျင် အသက်ကြီးကြီး လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့်
အတင်းပေးစားဖို့ စီစဉ်ထားသည့် ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေး တစ်ယောက်၊ သူမမှာ
ခါတိုင်းလိုပင် အဖေ အမေ မောင်နှမ သုံးယောက် နှင့် အဖေဘက်က အဖွားတို့ ဝန်းရံလျက် အိနြေ္ဒမပျက်
ညစာစားကြသည်။ ပြီးနောက် ထုံးစံအတိုင်း ညီအမနှစ်ယောက်သား စားပွဲခုံရှင်းရင်း
တခစ်ခစ်ရယ်မောကြ၊ နသားပါရား လုပ်လိုက်ကြနှင့်။ သည့်နောက် သူမက အချိုပွဲ သယ်ဖို့ရာ
မီးခိုခန်းကနေ ခြံထဲဆင်းသည်။ ဒီ့နောက် မယောင်မလည်နှင့် မိဘတွေ ရဲ့ အခန်းထဲ
ပြူတင်းပေါက်မှ တွယ်တက်ပြီး အမဲလိုက်သေနတ်နှင့် သူမဘာသာ အဆုံးစီရင်ပစ်လိုက်တော့သည်။
အဖွားဖြစ်သူလည်း သေနတ်သံကြားသည်နှင့် အပေါ်ထပ်
တက်ကြည့်လိုက်သည့်အခါ မီးဖိုခန်းထဲမှာ ရှိနေခဲ့သည်ဟု ထင်ထားသည့် သူမကို
သွေးအိုင်ထဲမှာ လဲနေတာ တွေ့လိုက်ရတော့သည်။ အဖွားကြီးခမျာ ဘယ်လိုလုပ်ပြီး
မီးဖိုခန်းထဲကနေ ဒီ အိပ်ခန်းထဲ သူမ ရောက်နေရသလဲ၊ ဘာကြောင့် သူမ ကိုယ့်ကိုယ်ကို
အဆုံးစီရင်ရတာလဲဆိုတာ ဘယ်လိုမှ စဥ်းစားမရ။ နောက်ထပ် ဆယ့်ခြောက်နှစ် သမီးတစ်ယောက်ကတော့
အဲဒီညနေက ခါတိုင်းလိုပင် မောင်နှစ်မနှစ်ယောက်သာ့း တီဗွီရှေ့ထိုင်ပြီး ဟိုလိုင်းကြည့်မယ်၊
ဒီလိုင်းကြည့်
မယ်နှင့် ရီမုန်ကွန်ထရိုး ကို သူယူမယ် ငါယူမယ် အခြေအတင်
အငြင်းပွားလုံးထွေးနေခဲ့သည်။ အဖေလုပ်သူလည်း သည်းမခံနိင်သည့် အဆုံး အခန်းထဲဝင်လာကာ
သူမကို တစ်ချက်နှစ်ချက် ရိုက်ပြီး ပြဿနာကို ဖြေရှင်းပေးလိုက်သည်။ သူမလည်း ချက်ခြင်းပဲ
သူမအခန်းထဲ တန်းဝင်သွားပြီး တိရစ္ဆာန်တိုက်သည့်ဆေးဘူးကြီးကို ရှာကာ ဆိုဒါဘူးလိုသဘောထားပြီုး
အားရပါးရ မော့ချလိုက်တော့ သည်။ နောက်တစ်ယောက်ကတော့ ၁၅
နှစ်သမီးမှာပျော်ပျော်ရွှင်ရွင်ပဲ အိမ် ထောင်ကျသည်။ ပြီးခဲ့သည့် ခြောက်လခန့်က
ကလေးရသည်။ အခင်းဖြစ်ပွားသည့်အချိန်တွင် အလုပ်လက်မဲ့ဖြစ်နေသည့်ယောက်ျားက မူးပြီး
ရိုက်သည့် အတွက် သူမမှာ ခါတိုင်းရန်ဖြစ်လျင် လုပ်လေ့ရှိသည့်အတိုင်း
မီးဖိုခန်းထဲဝင်ပြီး သော့ချထားခဲ့သည်။ သူမ ယောက်ျားက သူမကို မီးဖိုခန်းထဲမှာပဲ
ရှိနေသေးသည်ဟု ထင်မှတ်နေခဲ့သည်။ သို့သော် သူမက မျက်နှာကျတ်က ချိတ်မှာ ကြိုးကို
အဆင်သင့်ပြင်ပြီးသား၊ သည့်အတွက် ယောက်ျားဖြစ်သူ အခန်းထဲ တံခါးဖျက်ဝင်မလာခင် သူမ
ဘာသာ ကိုယ့်ကိုယ်ကို ဆွဲကြိုးချ သတ်သေပစ်ခဲ့တော့သည်။
ဤမိန်းခလေးများ၏ ရှင်ခြင်းမှ သေခြင်းသို့ တမဟုပ်ခြင်း
ထင်ရာစိုင်း ခုန်ချလိုက်ပုံက ကာ့စိတ်ကို ဆွဲဆောင်နိင်ခဲ့သည်။ တကယ်တော့ မျက်နှာကျတ်တွင်
ချိတ်ထားသော ချိတ်၊ ကျည်ဖြည့်ထားသော ရိုင်ဖယ်၊ ဆေးဘီဒိုထဲမှ အိပ်ခန်းထဲ ယူထားသော ဆေးပုလင်း
စသဖြင့် အသေအချာ ပြင်ဆင်ထားတာ ကြည့်လျင် သူတို့ခေါင်းထဲမှာ သေကြောင်းကြံဖို့ရာ
အစောကြီးကတည်းက စဉ်းစားထားမှန်း သိနိင်သည်။
လတ်တလော သတ်သေမှုများ၏ ကနဦးအစ ပထမဆုံးသော သတ်သေမှုက
ကားစ်နှင့် မိုင်တစ်ရာခန့်ဝေးသည့် ဘတ်မန်းဆိုသည့် မြို့တွင်ဖြစ်ပွားခဲ့သည်။ ကမ္ဘာအနှံ့အပြားတွင်
ယောက်ျားလေးများက မိန်းခလေးများထက် သုံးလေးဆ ပိုပြီး ကိုယ့်ကိုယ်ကို သတ်သေ
နေကြသည့်အချိန်မှာ ဘတ်မန်းတွင်တော့ မိန်းခလေး
သတ်သေနှုန်းက ယောက်ျားတွေထက် သုံးဆခန့် ပိုများနေခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးရှိ
မိန်းမများ၏ သတ်သေနှုန်းထက် လေးဆ ခန့် ရှိနေခဲ့သည်ဟု အင်ကာရာရှိ စာရင်းအင်းဌာန အရာရှိငယ် တစ်ယောက်က
စတင်သတိပြုမိခဲ့သည်။ ဤသုံးသပ်ချက်ကို ရီပတ်ဗလီကင် သတင်းစာ၏ သတင်းအကျဉ်းကဏ္ဍတွင် သူ၏
သူငယ်ချင်း ဖြစ်သူ တင်ပြခဲ့သော်လည်း ပြည်တွင်းမှာ မည်သူမှ ဂရုမပြုမိကြပေ။ သို့သော်
ပြင်သစ်နှင့် ဂျာမဏီရှိ သတင်းထောက် များက ဤ သတင်းကို အစဆွဲပြီး ဘတ်မန်းကို ကိုယ်တိုင်သွားရောက်ကာ
ဥရောပ ထုပ်သတင်းစာများတွင် သတင်းဆောင်းပါးများ ဖော်ပြလာသောအခါမှ တူရကီသတင်းစာများ
ဤကိစ္စကို အရေးတယူရှိလာခဲ့သည်။ သည့်တိုင်အောင် မြို့ကလေးကို ကိုယ်တိုင် သွားရောက်
လေ့လာသည့် တူရကီ သတင်းထောက်က အတော်လေးနည်းပါးလှသည်။
တာဝန်ရှိပုဂ္ဂိလ်များကတော့ ဤကိစ္စကို သတင်းစာများ
အာရုံကျလာခြင်းက မိန်းခလေးများကို ချောက်ထဲကျအောင် တွန်းပို့ သလို ဖြစ်နေသည်ဟု
ဆိုသည်။ မုတ်ဆိတ်မွေး တကားကားနှင့် ရှဉ့်မျက်နှာနှင့် တူသော ကားစ်၏ လက်ထောက်
အုပ်ချုပ်ရေးမှူးက
စာရင်းဇယားတွေအရ ဤ မြို့ရှိ သတ်သေမှုနှုန်းမှာ
ဘတ်မန်းလောက် မများသေးပါဘူးဟု ဆိုသည်။ သူက ကာ ကို
လောလောဆယ် ကျန်ရစ်သူ မိသားစုများနှင့် တွေ့ဆုံသည့်ကိစ္စကို
မကန့်ကွက်သော်လည်း လူတွေကို သတ်သေမှု ဆိုသည့် စကားလုံး ထပ်တလဲလဲ မပြောမိဖို့ နှင့်
ရီပတ်ဘလီကင်သတင်းစာ မှာရေးသည့်အခါလည်း ပုံကြီးချဲ့ မရေးသားဖို့သတိပေးသည်။
စိတ်ပညာရှင်များ၊ ရဲအရာရှိများ၊ တရား သူကြီးများ၊ သာသနာရေးဝန်ကြီးဌာနမှ အရာရှိများ
ဖြင့် ဖွဲ့စည်းထားသော သတ်သေမှု စုံစမ်းရေး ကော်မတီ မှာ ဘတ်မန်းမှ
ကားစ်သို့ကူးလာဖို့ ပြင်နေခဲ့ပြီဖြစ်သည်။ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သာသနာရေး
ဦးစီးဌာနမှ တစ်မြို့လုံးမှာ သတ်သေခြင်းသည်
ဘုရားသခင်ကို မထီမဲ့မြင်ပြုခြင်း ဖြစ်သည် ဟု ရေးထားသည့် ပိုစတာများ နေရာအနှံ့
ကပ်ထားသည်။ အုပ်ချုပ်ရေးမှူးရုံးမှလည်း အထက်ပါခေါင်းစီးနှင့် လက်ကမ်းစာစောင်များ
ဝေဖို့ပြင်ထားပြီးဖြစ်သည်။ လက်ထောက် အုပ်ချုပ်ရေးမှူးကတော့ ဒီလုပ်ဆောင်မှုတွေကနေ
ရည်ရွယ်ရာနှင့် ဆန့်ကျင်ဖက်ရလာဒ်များ ထွက်ပေါ်လာမလား စိုးရိမ်နေမိသည်။ မိန်းခလေးတွေအနေနှင့်
သူများတွေ သတ်သေကြတာ ကြားပြီး လိုက်အတုခိုးနိင်ရုံတင်မကသေး သူမကို မပြတ်တမ်း
နားငြီးအောင် ဆုံးမနေကြ မည့် ယောက်ျားသားများဖြစ်ကြသော လင်ယောက်ျား၊ ဖခင်၊
တရားဟောဆရာ နဲ့ နိင်ငံတော်တို့ကို အတော်လေး စိတ်တို ဒေါသ ထွက်လာပေလိမ့်မည်။
သေချာတာကတော့ ဒီမိန်းခလေးတွေဟာ အတော့်ကို
စိတ်ဆင်းရဲလို့ ဒီလို သတ်သေတဲ့အထိ ဖြစ်တာပါ၊ ဒါကို ကျွန်တော်တို့ နဲနဲမှ
သံသယ မရှိပါဘူး၊ ဒါပေမယ့်လည်း ဒီလို စိတ်ဆင်းရဲတိုင်းသာ
သတ်သေကြေးဆို တူရကီက မိန်းမ တစ်ဝက်လောက် ကိုယ့်ကိုယ်ကို
သတ်သေပြီးလောက်ပြီပေါ့ဗျာ ဟု လက်ထောက် အုပ်ချုပ်ရေးမှူးက
ပြောသည်။ ဒီလိုမျိုး သတ်မသေနဲ့ နော် လို့ ယောက်ျားတွေအား
လုံးက ဝိုင်းပြောနေကြယင် တော့ မိန်းမတွေအဖို့
စော်ကားခံရသလို ဖြစ်နေလိမ့်မည် ဟု သူက ဆိုသည်။ ဒီ့အတွက် သူ့အနေနှင့်
သတ်သေမှုတားဆီးရေး လှုံ့ဆော်ပွဲမှာ အနည်းဆုံးမိန်းမတစ်ယောက်လောက်
ပါဖို့ အင်ကာရာ ကို စာရေး တောင်းဆိုခဲ့ခြင်း
ဖြစ်ကြောင်း ကာကို ဂုဏ်ယူဝံ့ကြွားသည့်အသံဖြင့်ပြောသည်။
မိန်းခလေးတစ်ယောက် ဘတ်မန်းကနေ ကားစ်ကို ရောက်လာပြီး
ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့ပြီးနောက်မှာ
လူတွေကြားမှာ သတ်သေမှုသည် ပလိပ်ရောဂါလိုပင်
ကူးစက်တက်သည် ဆိုသည့် အယူအဆ ပျံ့နှံ့သွားခဲ့သည်။ ထိုကောင်မလေး၏ မိသားစုက ကာ နှင့်
ဆာဒါဘိုင်တို့ကို အိမ်ထဲမှာ လက်ခံစကားပြောဖို့ ငြင်းဆန်ခဲ့သည်။ သို့သော်လည်း
ကောင်မလေး၏ အမေဘက်က ဦးလေး
က သူတို့ကို အပြင်မှာ တွေ့ဆုံပြီး ပြောဖို့
သဘောတူခဲ့သည်။ အတာတွတ်ရပ်ကွက် နှင်းတွေ ဖုံးလွှမ်းနေသော ဥယာဉ်၏ နွယ်သာကီပင်များ
အောက်တွင် ထိုင်ပြီး စီးကရက်လေး ခဲကာ သူ၏ တူမအကြောင်းကို ပြောပြနေခဲ့သည်။ သူ့ တူမက
လွန်ခဲ့သော
နှစ်နှစ်ခန့်က အိမ်ထောင်ပြုခဲ့သည်။ အိမ်ထောင်ကျပြီးနောက်
သူမမှာ အိမ်မှုကိစ္စများကို မိုးလင်းက မိုးချုပ် မနားတမ်း လုပ်ခဲ့ရသည်။
သူမမှာ ကလေးမရနိင်သည့် အတွက် ယောက္ခမ ဖြစ်သူ၏ တရစပ် ဆူပူ ကြိမ်းမောင်းမှုကို လည်း ခံရသေးသည်။
သို့သော်လည်း
ဒီလောက်နှင့်တော့ သူမကို သတ်သေလောက်အောင် မဖြစ်နိင်၊
သူမအနေနှင့် ဘတ်မန်းရှိ တခြားမိန်းမ တွေ သတ်သေကြတာကို
ကြားရင်း ဒီ စိတ်ကူးရလာခဲ့တာ သေချာသည်။ ကားစ်ရှိ သူမ
မိဘအိမ်ကို အလည်ပြန်လာသည့်အခါ အတော့်ကို ပျော်နေပုံရသည့်
သူမကို ကြည့်ပြီး ဘတ်မန်းကို ပြန်မည့်မနက် အိပ်ရာဘေးမှာ
အိပ်ဆေးနှစ်ပုလင်း သောက်ခဲ့ကြောင်း ရေးထားသည့် စာတစ်စောင်ကို တွေ့လိုက်ရသည့်အခါ
အားလုံး အလန့်တကြား ဖြစ်ကုန်ကြတော့သည်။
ကိုယ့်ကိုယ်ကို သတ်သေဖို့ အတွေး တွေ ကူးစက်ခံရပြီး
နောက်တစ်လ အကြာ ကားစ်တွင် ညီမဝမ်းကွဲတော်သူ ဆယ့်ခြောက်နှစ်
အရွယ် ခလေးမ လည်း သူမအတိုင်း တစ်ပုံစံတည်း သတ်သေခဲ့သည်။
ဦးလေးဖြစ်သူ၏ တိုက်တွန်းမှုနှင့် ဤဇတ်လမ်း အပြည့်အစုံကို သူ့ဆောင်းပါးထဲ ထည့်သွင်း
ပါမည် ဟု ကာ ၏ ကတိပေးမှုတို့ကြောင့် မိဘနှစ်ပါးခမျာ မျက်ရည်စက်လက်နှင့်
သမီးဖြစ်သူ၏ အဖြစ်
အပျက်ကို ရှင်းပြရှာသည်။ ဤသို့ သတ်သေဖြစ်အောင်
ဖန်လာပုံကို ပြောရလျင် သူမကျောင်းက ဆရာမက သူမကို အပျိုမစစ်တော့
ဟု စွပ်စွဲရာမှ စသည်။ ကားစ်တစ်မြို့လုံး ဤ ကောလဟာလ
ပျံ့သွားသည့်အခါ ကောင်မလေး၏ ရည်းစားကလည်း စေ့စပ်ကြောင်း
လမ်းမှုကို ဖျက်သိမ်းပစ်ခဲ့သည်။ သူမ၏ အလှကြောင့်
စေ့စပ်ထားမှန်းသိသော်လည်း အိမ်လာပြီး အချစ်ကို တောင်းခံနေသည့် တခြား
ယောက်ျားပျိုများလည်း ရောက်မလာကြတော့။ သည်အထိ
ဖြစ်လာသည့်အခါ ကောင်မလေး၏ အဖွားဖြစ်သူက စပြီး အင်း ညီးတော့ ဒီတိုင်းဆို ယောက်ျား
ရတော့မယ် မထင်တော့ဘူး ဟု ပြောလာခဲ့သည်။ သည်လိုနဲ့ တစ်ည ရုပ်မြင်သံကြားတွင်
ပြသနေသည့် မင်္ဂလာဆောင် အခမ်းအနားကို တစ်မိသားစုလုံး ကြည့်နေကြသည့်အချိန်၊ မူးနေသည့်
အဖေဖြစ်သူက စပြီး ငိုသည်။ ကောင်မလေး
လည်း သူမ အဖွား၏ အိပ်ဆေးတွေကို ခိုးပြီး ကုန်အောင်
သောက်ချလိုက်ကာ အိပ်ယာဝင်လိုက်တော့သည်။ (ဤ အဖြစ်အပျက်က
သတ်သေဖို့ စိတ်ကူးတင်မက သတ်သေသည့် နည်းလမ်းပါ
ကူးစက်နိင်ပုံကို ပြနေခဲ့သည်)။ အလောင်းကို ရင်ခွဲစစ်ဆေးရင်း
သူမ မှာ အပျိုရည်မပျက်သေးကြောင်း သိလိုက်ရသည့်အခါ ဖခင်
ဖြစ်သူက ဤ ကောလဟာလကို ဖြန့်ခဲ့သော ဆရာမတင်မက ဘတ်မန်ကနေ လာပြီး သတ်သေသွားခဲ့သည့် သူမ
၏ ဝမ်းကွဲအမ ဖြစ်သူကိုပါ ပြစ်တင်ကျိန်ဆဲ မိသည်။ သည့်အတွက်
သမီးဖြစ်သူ၏ ဂုဏ်သိက္ခာကျဆင်းစေမည့် အခြေအမြစ်မရှိသည့်
ကောလဟာလများ ကို ပျက်ပြယ်သွားစေဖို့နှင့် ဤသို့ သူတပါးထိ
ခိုက်စေမည့် မုသားစကား ကို စတင်ဖြန့်ဖြူးခဲ့သည့် ဆရာမ
ဖြစ်သူကို ဖော်ထုပ်တင်ပြနိင်ဖို့ ကာကို ဇတ်လမ်း အပြည့်အစုံ ကို ထုပ်ပြောဖို့ရာ သူတို့
သဘောတူခဲ့ကြခြင်းဖြစ်သည်။
ကာ့အနေဖြင့် ကောင်မလေးတွေခမျာ ကိုယ့်ကိုယ်ကို
သတ်သေဖို့ရာ လွပ်လွပ်လပ်လပ် ရှိမယ့် အချိန်မျိုး ကြုံဖို့ အတော်ကြိုးစားရပေ
လိမ့်မည်ဟု တွေးပြီး အတော်လေး စိတ်မကောင်းဖြစ်မိသည်။ တခြားသူများနှင့်
တခန်းတည်း အိပ်နေရသည့်အတွက် အိပ်ဆေး သောက်ပြီး ပေမယ့်လည်း သူတို့မှာ ငြိမ်ငြိမ်လေး
အိပ်ရင်းသေဖို့မလွယ်လှ။ နစ်စန်တက်စ်တွင်
အနောက်တိုင်းစာပေများ ဖတ်ရှုယင်း
ကြီးပြင်းလာခဲ့သည့် ကာအဖို့ စိတ်ထဲမှာ သတ်သေဖို့ရာ
အချိန်အတော်ယူဖို့လိုပြီး နေရာလည်း ရွေးဖို့လိုသည်ဟု မှတ်ယူထားခဲ့
သည်။ အနည်းဆုံးတော့ ရက်ပိုင်းလောက်အတွင်း ဘယ်သူမှ
လာတံခါးမခေါက်မယ့် အခန်းတစ်ခန်းတော့ လိုသည် မဟုပ်လား။ ဤ
စိတ်ကူးထဲတွင် သတ်သေခြင်းအမှုသည် အိပ်ဆေးနှင့် ဝီစကီ
တို့ဖြင့် ကျင်းပသည့် လေးနက်လှသည့်အခမ်းအနားတစ်ရပ်လို ဖြစ်နေခဲ့
သည်။ ကိုယ့်သဘောနဲ့ကိုယ် ကပြဖို့ ရွေးချယ်ထားသော
နောက်ဆုံးပိတ် တစ်ကိုယ်တော် ဇတ်သိမ်းခန်းဖြစ်နေခဲ့သည်။ ဤသို့စဉ်းစားလိုက်တိုင်း
မခံမရပ်နိင်သည့် အထီးကျန်မှုက သူ့ကို ခြောက်လှန့်နေခဲ့သည်။ သည့်အတွက် သူ့မှာ
တစ်ခါမျှ သတ်သေ
ဖို့ လေးလေးနက်နက် မစဉ်းစားခဲ့ဖူး ကြောင်း ဝန်ခံရပေမည်။
သူ့ကို ဤ အထီးကျန်ခံစားမှုဆီ ပြန်လည်ခေါ်ဆောင်သွားခဲ့သည့်
တစ်ခုတည်းသော သတ်သေမှုကတော့ လွန်ခဲ့သော ခြောက်ပတ်
ခန့်က သတ်သေသွားခဲ့သည့် မျက်နှာအုပ်ထားသော ကောင်မလေး၏
သတ်သေမှုပင်။ ဤ သတ်သေမှုက ကျော်ကြားလှသော
မျက်နှာအုပ်မိန်းခလေးများထဲမှ တစ်ယောက်၏ သတ်သေမှုပင်။ အာဏာပိုင်များမှ
နိင်ငံအနှံ့အပြား ရှိ ကျောင်းများတွင် ခေါင်းစည်း
ပုဝါ ချပြီး ကျောင်းတက်ခြင်းကို တရားမဝင်ကြောင်း
ကြေငြာပြီးနောက် အမျိုးသမီးအများစုက လိုက်နာဖို့ ငြင်းဆိုကြသည်။ ကားစ်ရှိ
ပညာရေး တက္ကသိုလ်တွင်လည်း ဤအမိန့်ကို မလိုက်နာသော
ကျောင်းသူများကို ပထမအဆင့် အနေဖြင့် ကျောင်းခန်းထဲ ဝင်ခွင့်မပြု
နောက်တစ်ဆင့်အနေဖြင့် အန်ကာရာ မှာလုပ်သည့်အတိုင်း
ကျောင်းဝင်းထဲကို ပေးမဝင်တော့။ ကာ တွေ့ခဲ့ပြီးသည့် မိသားစု
တွေထဲတွင် ဤ မျက်နှာအုပ်မိန်းခလေး၏ မိသားစုက
အချမ်းသာဆုံးပင်။ စိတ်ကယောက်ကယက်ဖြစ်နေသည့် ဖခင်ဖြစ်သူမှာ ကုန်စုံဆိုင်လေး
ပိုင်သည်။ ကာကို စတိုးဆိုင်ထဲရှိ ရေခဲသေတ္တာထဲမှ ကိုကာကိုလာတစ်လုံး ယူပြီး
ဧည့်ခံသည်။ သူက သူ့သမီးအနေ
ဖြင့် သူမ၏အကြံအစည်ကို မိသားစုနှင့်ရော
သူငယ်ချင်းတွေနှင့်ပါ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ခေါင်းစည်း ပုဝါ နှင့် ပက်သက်
လျင်တော့ သူမ၏ အမေဖြစ်သူက ဒါကို တမိသားစုလုံးအတွက် ကောင်းချီးမင်္ဂလာတစ်ခု အဖြစ်
ဥပမာ ပေးခဲ့သည်မှန်သော်လည်း အမှန်တကယ် သူမကို ဖိအားပေးခဲ့သည်ကတော့ ဤ
ပိတ်ပင်မှုအပေါ် ဆန့်ကျင်ဖို့လှုပ်ရှားဆောင်ရွက်နေကြသော သူမ ကျောင်းမှ
သူငယ်ချင်းများသာဖြစ်သည်။ ဤ ခေါင်းစည်းပုဝါကို အစ္စလာမ်စ် နိင်ငံရေးလှုပ်ရှားမှု
သင်္ကေတအဖြစ် သူမကို သင်ကြားပေးခဲ့တာ လည်း သူတို့ တွေပဲ ဖြစ်မည်။ သည့်အတွက် မိဘများက
သူမကို မျက်နှာဖုံးပုဝါဖယ်ရှားဖို့ သူတို့ သဘောထားကို ဖွင့်ဟသော်လည်း
သူမက ငြင်းဆိုခဲ့သည်။ သည့်အတွက် သူမမှာ ကျောင်းဝင်းထဲမှ
မကြာခဏ အထုပ်ခံရဖို့ သာ ရှိတော့သည်။ သူမ သူငယ်ချင်းတွေ ထဲမှာလည်း တစ်ချို့က
လက်လျှော့ပြီး ခေါင်းအုပ် မစည်းတော့၊ တစ်ချို့ကတော့ ခေါင်းအုပ်အစား ဆံပင်အတုနှင့်
ဖုံးလာခဲ့သည်။ သူတို့ကိုမြင်ပြီး သူမက ဖခင် ဖြစ်သူနှင့် သူငယ်ချင်းတွေကို ဘဝ ဟာ
အဓိပါယ်မရှိတော့ကြောင်း ဆက်ပြီး နေချင်စိတ်လည်း မရှိတော့ကြောင်း စ ပြီး
ဖွင့်ဟလာခဲ့သည်။ သို့သော်လည်း အစိုးရ ၏ သာသနာရေး ဦးစီး ဌာန နှင့် အစ္စလမ်ဘာသာရေး ခေါင်းဆောင်များ
လက်တွဲပြီး သတ်သေခြင်းကို အကြီးဆုံးသော အပြစ်အနေဖြင့် ရှုပ်ချခြင်း
ကားစ်တစ်မြို့လုံး ပိုစတာများကပ်ခြင်း လက်ကမ်းစာစောင်များ ဝေငှခြင်းတို့
ပြုလုပ်နေသည့်ကြားက အခုလို ဘာသာရေး ကိုင်းရှိုင်းသည့် မိန်းခလေးတစ်ယောက်က
ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့လုပ်လိမ့်မည်ဟု ဘယ်သူမှ မထင်ခဲ့ကြ။ တက်စ်လိုင်း ဟု
ခေါ်သည့် ထိုကောင်မလေးအနေဖြင့် သတ်မသေခင် ညက တီဗွီရှေ့မှာ ထိုင်ပြီး မာရီယာနာ
ဇတ်လမ်းတွဲကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေခဲ့ပုံရသည်။ သူမ ၏ မိဘတွေကို လက်ဖက်ရည်
ပြင်ပေးပြီးမှ သူမ အခန်းထဲ ဝင်သွားခဲ့သည်။ ထို့နောက် ဘုရားဆုတောင်းဖို့
ပြင်ဆင်သည့်အနေဖြင့် ခြေတွေလက်တွေ ဆေးကြောသည်။ ပါးစပ် ပါးလုပ်ကျင်းသည်။
ကိုယ်လက်သန့်စင်ခြင်းအမှု ပြီးစီးသည့်အခါ ဘုရားရှိခိုးသည့် ကော်ဇောပေါ်
ဒူးထောက်ပြီး ကိုယ့်ကိုယ်ကို အတွေးတွေထဲ ခဏတာ နှစ်ထားလိုက်သေးသည်။ ထို့နောက်မှာတော့
ဘုရားရှိခိုး ဆုတောင်းကာ ခေါင်းစည်းပုဝါကို မီးလုံးချိတ်မှာ ချိတ်ပြီး
ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေလိုက်တော့သည်။
နိုဘယ်ဆုရ စာရေးဆရာကြီး Orhan Pamuk ၏ နိင်ငံရေး နောက်ခံ ဝထ္ထု Snow မှ အခန်း (၂ ) ကို ထုပ်နှုတ်ပြန်ဆိုပါသည်။.
No comments:
Post a Comment