မီးချောင်းတစ်ချောင်း၏အလင်းရောင်ကိုသိမြင်နိုင်ဖို့ရာအရန်သင့်ခလုတ်တစ်ခုရှိနေခဲ့သော်လည်းလူတစ်ယောက်၏အကြောင်းကိုသိမြင်နိုင်ဖို့ရန်မည်ကဲ့သို့သောခလုတ်တစ်ခုကိုအသုံးပြုရမည်ကိုကျွန်တော်စဉ်းစားမရခဲ့ပါ။
********************************
မဟော်ဂနီရောင်စန္ဒရားကြီး၏လက်ဆစ်လေးများကိုကျွန်တော်တီးခေါက်ကြည့်လိုက်သည့်အခါတွင်ခိုအောင်းနေသောအသံလေးများတစ်လုံးစီသွယ်တန်း၍ထွက်လာကြပါသည်။လူများ၏ရင်ထဲတွင်ခိုအောင်းနေသောအသံလေးများကိုလည်းကျွန်တော်တခါတရံတော့
နားဆင်မိချင်ပါသေးသည်။
********************************
တစ်နေ့ကကျွန်တော်၏ကိုယ်ရေးမှတ်တမ်းကိုကွန်ပြူတာစာစီခိုင်းမိပါသည်။
စိတ်ပျက်ဖို့ကောင်းလောက်အောင်ပင်ကျွန်တော်၏နာမည်မှစ၍အလုပ်အကိုင်အဆုံးအားလုံးမှားယွင်းနေခဲ့ပါသည်။
ခလုတ်နှိပ်မှားခြင်းသည်ဘဝတစ်ခုလုံးကိုပင်မှားယွင်းစေနိုင်ကြောင်း
ထိုသူ့ကိုကျွန်တော်စိတ်
တိုတိုနှင့်ပြောချပစ်လိုက်ပါသည်။
***********************************
မည်သို့ပင်ဖြစ်စေ၊
ထိုနေ့ညကကျွန်တော်TV ကြည့်သောအခါတွင် ချန်နယ်(channel)ခလုတ်များကို အန္တရယ်ရှိသည့်အရာတစ်ခုလိုသတိထား၍ သေသေချာချာရွေးချယ်နေမိပါတော့သည်။
ဒီနိုဗို
No comments:
Post a Comment