Saturday, October 11, 2014

အိမ်မြင့်စံ

အိမ်မြင့်စံ



တစ်ကယ်တော့ အိမ်နဲ့ပက်သက်ပြီး လူတစ်ကာ ရေးပြီးကြပါပြီ။ အဖန်တစ်ရာတေနေတဲ့ အကြောင်းအရာ တစ်ခုပါပဲ။ သီချင်းတွေထဲမှာလည်း အိမ်နဲ့ပက်သက်ပြီး အတော်များများ ဆိုထားကြတယ်။ အမေ့အိမ်တို့၊ အိမ်ပြန်ချင်တဲ့အလွမ်းတို့၊တက်နိင်လို့ ဂူဂယ်ထဲသာ ရှာလိုက်ယင်အိမ်နဲ့ ပက်သက်ပြီး ထွက်လာလိုက်မယ့် ဖြစ်ခြင်း ကုဋေနဲ့ ချီပြီးတောင် ထွက်လာမလား မသိ။ အဲဒီလောက်အထိ ကမ္ဘာပေါ်မှာ အိမ်နဲ့ ပက်သက်တဲ့ အရေးအသားတွေ ရှိနေခဲ့ပြီ။ ဘာလုပ်ဖို့များ ထပ်ရေးနေဦးမလဲလို့ ကိုယ့်ဖာသာ မေးမိတယ်။
ဟုပ်တော့ ဟုပ်တယ်။ အိမ်လောက် ယူနီဗာဆယ် ဖြစ်တဲ့အကြောင်းအရာ ရှိဦးမလား။ လူဆိုတာ  ဘယ်အရပ်မှာပဲနေနေ ပြန်စရာ အိမ်တော့ ရှိကြတာပဲ မဟုပ်လား။ အိုးမဲ့အိမ်မဲ့ တွေကတော့ ချွင်းချက်ပေါ့ဗျာ။ ဒါတောင်သူတို့လည်း တစ်ညတာ နားခိုစရာ ယာယီအိမ်လုပ်ထားတဲ့ နေရာလေးတော့ ရှိကြတာပါပဲ။ ဒီနေရာမှာ အိမ်ဆိုတာ တစ်ချို့အတွက် ခြံကြီးဝင်းကြီးနဲ့ အိမ်ကြီး ရခိုင်ကြီးပေါ့၊ တစ်ချို့ကတော့ အိမ်ဆိုတာ အခန်းကျဉ်းလေး တစ်ခန်း၊ တစ်ချို့အတွက်တော့ အိမ်ဆိုတာ ရေခဲသေတ္တာပုံးခွံတစ်လုံး၊ ဒီလိုမျိုး အိမ်ရဲ့ ဖွင့်ဆိုချက်တွေတော့ ကွာခြားကြမှာပေါ့။ တစ်ချို့တွေအတွက် အိမ်ဆိုတာ လွမ်းစရာ၊ တစ်ချို့တွေအတွက် အိမ်ဆိုတာ ထွက်ပြေးချင်စရာ ကောင်းတဲ့နေရာ၊ အတော်များများအတွက်တော့ အိမ်ဆိုတာ နေချင်စရာ သိပ်မကောင်းလှပေမယ့် နေနေရတဲ့ နေရာပါပဲ။
ဒီလိုမျိုး လူတစ်ယောက်ချင်းအတွက် အိမ်ဆိုတဲ့ ဖွင့်ဆိုချက်တွေ မတူညီကြတော့ကာ ကျွန်တော့် အဖို့ တော့ကိုယ်ပိုင် အယူအဆက လွဲပြီး တစ်ခြားဘာမှ ပြောခွင့်မရှိဘူးလို့ထင်ပါတယ်။ ကျွန်တော့်အယူအဆဟာ အများနဲ့တော့ ဆင်ချင်မှ ဆင်ပါလိမ့်မယ်။ ဆင်ချင်လည်း ဆင်နေပါလိမ့်မယ်။ ဒါဟာလည်း ဘာမှ တတ်နိင်တဲ့ ကိစ္စမဟုပ်တော့ကာ ထည့်စဉ်းစားနေဖို့တော့ မလိုလှဘူး ထင်ပါတယ်။ ကျွန်တော့်မှာသာ ဘာပဲရေးရေး ဘယ်သူများ ရေးပြီးပြီလဲဆိုတာ ဆန်းစစ်ရတာ အကျင့်လို ဖြစ်နေတဲ့အတွက် ဒီလို ကိစ္စတွေက ရေးကြီး ခွင်ကြယ် ဖြစ်ကောင်းဖြစ်မှာပါ။ လူအတော်များများကတော့ သူများ ပြောပြီးသားစကားတွေပဲ တစ်သက်လုံး ပြောသွားကြတာပဲ မဟုပ်လား။
ဟုပ်ပါပြီ။ ကျွန်တော့်ရဲ့ အိမ် definition ကို ပြောပါ့မယ်။ ကျွန်တော့်အတွက်တော့  အိမ်ဆိုတာ လူတွေနဲ့ မတွေ့ပဲ ပုန်းနေလို့ရတဲ့ နေရာ တစ်ခုပါပဲ။ ဘာလုပ်ဖို့ လူတွေကို ရှောင်နေရမှာလဲ ဆိုယင်တော့ မတွေ့ချင်လို့ပဲ အကြောင်းပြရမှာပဲ။ ခင်ဗျားဗျာ အတော် ဆက်ဆံရေးကျဲတဲ့ သူပဲ လို့ ပြောချင်လည်း ပြောလို့ရပါတယ်။ စာရေးသူတစ်ယောက်အတွက် လူတွေဟာ ရန်သူမဟုပ်တောင် မိတ်ဆွေ မဟုပ်တာ သေချာပါတယ်။ ဒီလို ဆိုလိုက်လို့ အိမ်တံခါး ပိတ်ပြီး တကုတ်ကုတ်နဲ့ စာတွေ များ ရေးနေသလား ဆိုယင်တော့ လည်း မဟုပ်ပြန်ပါဘူး။ ကျွန်တော့်မှာ စာအုပ်တစ်အုပ်နဲ့ ဝရန်တာ ထွက်ပြီး နှပ်ချင်နှပ် နေတတ်သလို၊ ပြူတင်းပေါက်မှာ ငူတူတူနဲ့ ထိုင်ချင်လည်း ထိုင်နေတတ်တာပါပဲ။ ဘာရယ်လို့ မဟုပ်ပါဘူး လူတွေနဲ့ ဝေးဝေးနေရတာ အတော် အရသာ ရှိတဲ့ ကိစ္စပါ။ တစ်နေ့လုံး လူတွေနဲ့ မတွေ့ဖြစ်တဲ့ ရုံးပိတ်ရက်
မျိုးဆို ဘယ်လို နေလို့ကောင်းမှန်းမသိ။ တစ်ခါတစ်ခါ ပြန်စဉ်းစားယင် ကိုယ့်ကိုယ်ကို စာရေးဖို့အတွက် လူတွေနဲ့ ကင်းကင်းနေတာလား၊ လူတွေနဲ့ မရောချင်လို့ စာရေးနေတာ လားတောင် သိပ်မကွဲပြားဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အထက်က ပြောခဲ့သလို ကျွန်တော့်အတွက်တော့ အိမ်ဆိုတာ စတေး ရှောင်တဲ့ နေရာ တစ်ခု။ ထမင်းလေး တစ်လုပ်စားဖို့ လူတွေနဲ့ တနေကုန် ဆက်ဆံနေရတဲ့ ဘဝမှာ လူတွေနဲ့ ခပ်ကင်းကင်း နေလို့ရတာ ကိုယ့်အိမ်ပဲ ရှိတယ်။ တစ်နေကုန် လူတွေကို အလိုက်အထိုက် ဆက်ဆံနေရတဲ့ ဘဝမှာ ကိုယ်နေချင်သလို နေလို့ရတာ ကိုယ့်အိမ်ပဲရှိတယ်။ ဒါဟာ စကားအဖြစ် ပြောတယ်လို့ ထင်ကောင်းထင်လိမ့် မယ်။ ဒါပေမယ့် ကျွန်တော် က အမှန်တကယ်ကို ကိုယ့်အခန်းထဲမှာ နေချင်သလို နေတဲ့ သူမျိုး၊ ပူအိုက်တဲ့ ရာသီမျိုးမှာဆို တစ်ကိုယ်လုံး  အဝတ်အစား ရှိချင်မှရှိမယ်။ ဘာအဝတ်မှ မဝတ်ပဲ အိပ်ရတဲ့ အရသာမျိုးက ပါးစပ်နဲ့ ပြောပြလို့ရတာမျိုးမဟုပ်ဘူး။ ကိုယ်တိုင် နေထိုင်ကြည့်ရမယ့် ကိစ္စ။ ဒါမျိုးဆိုတာ ကိုယ့်အိမ်မှာပဲ ကိုယ်နေလို့ရတာမဟုပ်လား။ ဒါက ဥပမာတစ်ခုပဲ ရှိသေးတယ်။ နောက်ထပ် ပြောမယ်ဆို အများကြီးရှိသေး တယ်။
ဒီတော့ အိမ်ဆိုတာ ကျွန်တော့်အတွက် လွတ်မြောက်နယ်မြေ။ လူအများကို ဦးစားပေးရတဲ့၊ အများတန်းတူ အလိုက်အထိုက်နေရတဲ့၊ လူ့ယဉ်ကျေးမှရဲ့ ဗိုလ်ကျ လွှမ်းမိုးမှုကနေ လွတ်မြောက်နိင်တဲ့ နယ်မြေပဲ မဟုပ် လား။ ဒီ့အတွက် ကျွန်တော့် အခန်းမှာ ဇိမ်ခံပစ္စည်းတွေ ပြည့်နှက်နေစရာ မလိုဘူး။ အလှဆင် ပစ္စည်းတွေ နဲ့ ဆင်ယင်ထားစရာလဲ မလိုဘူး။ ကျွန်တော့်အတွက် လိုအပ်တာက လုံလောက်အောင် ခိုင်မာ တောင့်တင်းတဲ့ တခါး နှစ်ချပ်ပဲ။ အဲဒီ တံခါး ကို ပိတ်လိုက်တာနဲ့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို လုံးလုံး ပိုင်တဲ့ သူတစ်ယောက် ဖြစ်သွားပြီ။ အခန်းထဲပြန်ရောက်တာနဲ့ ရုံးမှာ တစ်ချိန်လုံး မျက်နှာရိပ် မျက်နှာကဲ ကြည့်နေရတဲ့ ဘော့စ် ဟာ ကျွန်တော့်အခန်းထဲပြေးလွှားနေတဲ့ ကြွက်တစ်ကောင်လောက်တောင် လူကို စိတ် အနှောက် အယှက် မပေးနိင်တော့ဘူး။
ဒီတော့ ကျွန်တော့်အတွက် အိမ်ဟာ တကယ့် personal သက်သက်ပဲ social မဟုပ်ဘူး။ ဘယ် အပေါင်း အသင်းကိုမှ ကျွန်တော့်အခန်း မခေါ်တတ်ဘူး။ တကယ်တော့ ထပ်တိုက်ရဲ့ အပေါ်ဆုံးကို ဘယ် အပေါင်း အသင်းမှ ခြေညောင်းခံ လာမလည်ကြပါဘူး။ အဲဒါကြောင့်လည်း ကျွန်တော်ဟာ အမြင့်ဆုံးဆိုတဲ့ အထပ်ကို ရွေးနေခဲ့တာပါ။ ယန်းပေါဆဒ်ရဲ့ ဝထ္ထုထဲက ဇတ်ကောင်လို လူတွေကို အပေါ်စီးက ကြည့်ချင်တဲ့ စိတ္တဇလည်း ပါကောင်းပါမလားမသိဘူး။ စာရေးဆရာ ဆိုတာလည်း လူကသာ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဖူး ရှိရမယ်။ ဘာမဆို လုပ်နိင်တယ်လို့ ထင်နေတဲ့ လူတစ်မျိုးမဟုပ်လား။ အပေါ်ဆုံးထပ်ကို ရွေးချယ်ရတဲ့ နောက်ထပ် အကြောင်းရင်းက တော့ မျက်စိရှုပ် နားရှုပ်သက်သာလို့ပဲ။ ကျွန်တော့်အခန်းထဲကို မြို့ပြလူနေမှု ဘဝ ရဲ့ ဘေးထွက်ဆိုးကျိုးတွေ အဝင်မခံချင်ဘူး။ ကြီးကျယ်တယ်ပဲ ပြောပြော လူကုံထံတွေလို ဆိတ်ငြိမ် ရပ်ကွက်မှာ မနေနိင်သရွေ့တော့ အခုလို တိုက်ခန်းအမြင့်တွေကိုပဲ ဆိတ်ငြိမ်ရပ်ကွက်လုပ်ပြီးနေမိတယ်။

အိမ်နဲ့ ပက်သက်ပြီး မှတ်မှတ်ရရဆိုလို့ နာဂစ်မုန်တိုင်း တိုက်တုန်းက အမိုးတွေ လန်တာလောက်ပဲ ရှိပါတယ်။ အမြင့်ဆုံးမှာ နေချင်တော့လည်း အမိုးလန်တာလောက်တော့ ခံရမှာပေါ့လို့ တစ်ယောက်တည်း ညည်းခဲ့ မိတယ်။ ဒါပေမယ့် အမှန်အတိုင်း ဝန်ခံရယင် အဲဒီအချိန်ကလောက် ကိုယ့်ဘဝကိုယ် လုံခြုံမှု ကင်းမဲ့သလို ခံစားရတာမျိုး မကြုံဖူးဘူး။ နာဂစ်က တစ်ညလုံး တစ်မနက်လုံးတိုက်လိုက်တာ နေ့လည် ဆယ့်နှစ်နာရီ ကျော်လောက်မှာ စဲသွားတယ်။ ဒီ့ထက်များ နဲနဲ ဆက်ရွာခဲ့ယင် ကျွန်တော့်အိမ်ခေါင်မိုး သွပ်ပြားတွေ အကုန် လွင့်ပါသွားလောက်တယ်။ တစ်မနက်လုံး လေတိုက်တိုင်း တဖတ်ဖတ် နဲ့ ရိုက်နေတဲ့ လန်နေတဲ့ သွပ်မိုးဟာ လုံခြုံလှပြီလို့ ထင်နေတဲ့ ကျွန်တော့်ရဲ့ သီးသန့်နယ်မြေလေးကို အကြီးအကျယ် အကာအကွယ် ကင်းမဲ့ စေခဲ့တယ်။ ကျွန်တော်ဖတ်ခဲ့တဲ့ စာအုပ်တွေ၊ ကျွန်တော်စုထားတဲ့ ပန်းချီကားတွေ၊ ဗီစီဒီ၊ ဓါတ်ပြားတွေ အားလုံး မိုးရေထဲမှာ ပြန့်ကျဲလို့။
နောက်ဆုံးတော့ အိမ်ဆိုတာ လူရဲ့ အစွဲအလန်းတွေ စုထားတဲ့ နေရာ တစ်ခုပါပဲ။ ဒါလည်း သိပ်ထူးဆန်းတဲ့ ကိစ္စ တော့ မဟုပ်ပါဘူး။ လူဆိုတာကလည်း ရေသည်ပြဇတ်ထဲက ယောက်ျားလိုပဲ ငွေလေး လေးရွေး လောက်ကိုတောင် မစွန့်လွတ်ရက်တော့ကာ ကျွန်တော့်အခန်းထဲမှာ ပစ္စည်းအဟောင်းအမြင်းတွေက တစ်နေ့ တစ်ခြားစုပုံလို့ လာခဲ့တာလည်း မဆန်းပါဘူး။ စောစောက ပြောခဲ့သလို နာဂစ်မုန်တိုင်း တိုက်လိုက်တော့မှပဲ အဲဒီ အဟောင်းအမြင်းတွေ အကုန်လုံး ပါသွားတော့တယ်။ ဒါလည်း သိပ်မကြာပါဘူး၊ စာအုပ်တွေ၊ ဓါတ်ပြားတွေ၊ mp3 mp4 စက်တွေ၊ လက်ကိုင်ဖုန်းခွံတွေ နဲ့ အခန်းက ပြန်ပြီး ပြည့်နှက်လာခဲ့တာပါပဲ။ တကယ် တော့လည်း ဒါဟာ လူတစ်ယောက်ရဲ့ နေ့စဉ်အထုပတ္တိပဲ မဟုပ်လား။ ကိုယ်ဖတ်ခဲ့တဲ့ စာအုပ်တွေ၊ ကိုယ်နားထောင်ခဲ့တဲ့ ဓါတ်ပြားတွေ၊ ကိုယ်ရေးလက်စ စာမူအဟောင်းတွေဟာ ကိုယ်တိုင် မလွှတ်ပစ်သရွှေ့ အခန်းထဲမှာ တစ်ချောင်ချောင်မှာတော့ ရှိနေမှာ အမှန်ပါပဲ။
အိမ်ဆိုတာ အဲဒီ အထုပတ္တိတွေကို ထားသိုသိမ်းဆည်းရာ နေရာ တစ်ခုပါပဲ။ ဒီတော့ လူရယ် အိမ်ရယ် အထုပတ္တိရယ်ဟာ ဘယ်တော့မှ ခွဲပြီး ပြောလို့ရမယ့် အရာတွေ မဟုပ်ပါဘူး။ ခွဲသွားတဲ့နေ့ဟာ အားလုံးပြီး ဆုံးသွားတဲ့နေ့ပဲဖြစ်ပါလိမ့်မယ်။ အဲဒီနေ့ မရောက်မချင်းတော့ ကျွန်တော့်မှာ အထုပတ္တိတွေကို အိမ်ခန်းထဲမှာ ဆက်လက်ပြီး သိုမှီးလို့၊ လူတွေနဲ့ ဝေး ဝေး ဝေး တဲ့ နယ်မြေတစ်ခုမှာပေါ့။


ဒီနိုဗို ရေးသားသည်။