Sunday, November 10, 2013

အမည်




          နာမည်ကို အတိုကောက်ရေးတာ ကပ်ဖကာက စလိုက်တာများလား၊ ကပ်ဖကာဟာ သူ့ဝတ္ထုထဲက ဇါတ်ကောင် တွေကို ကေလို့ လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ပေးတတ်တယ်မဟုတ်လား၊ ကေ(k)ဟာ မျိုးရိုးနာမည်မရှိတဲ့ လူ တစ်ယောက်၊ ဘယ်အချိန်ဘယ်နေရာမှာ ဘယ်သူဘယ်ဝါတွေကနေ မွေးဖွားဆင်းသက်လာသလဲဆိုတာ မသိတဲ့လူ တစ်ယောက်၊ ကေဟာ မနက်ခင်းတစ်ခုမှာ မွေးဖွားလာခဲ့တယ်၊ အဲဒီမနက်ပဲ သူဟာ သူမသိတဲ့အမှုကို စတင်ရင်ဆိုင် ရတယ်၊ လူဟာ မွေးဖွားလာတာနဲ့ အမှုအခင်းတစ်ခုနဲ့ မလွဲမရှောင်သာ ကြုံရတဲ့သဘောလား၊ ဘာအဓိပ္ပါယ်မှ မယ်မယ်ရရ မရှိတဲ့ အက္ခရာတစ်လုံးဟာ လူတစ်ယောက်ရဲ့နာမည်ဖြစ်သွားတဲ့အခါ အမှုတွဲတစ်ခုမှာ ခေါင်းစည်းစာလုံးဖြစ်သွားခဲ့ရှာ တယ်၊ လူရယ် နာမည်ရယ် အမှုရယ်ဟာ တစ်ခုမရှိယင် တစ်ခုမရပ်တည်နိုင်တဲ့ အရာတွေများလား၊ ဒါမှမဟုတ် လူနဲ့ နာမည်နဲ့ အမှုဟာ တစ်ခုတည်းသော အရာရဲ့အသွင်ကွဲတွေပဲလား၊
          ရုံးရောက်တာနဲ့ ကိုမောင်မောင်ရဲ့အလုပ်က နာမည်တွေကို ကြည့်ရှုစစ်ဆေးရတာပဲ၊ သူ့အလုပ်က မှတ်ပုံတင် အရာရှိဆိုတော့ မှတ်ပုံတင်လာလုပ်တဲ့လူတွေရဲ့ နာမည်တွေ၊ မျိုးရိုးတွေ၊ မိသားစုဖွဲ့စည်းပုံတွေ၊ သူတို့ရဲ့ဇာတိတွေ၊ အမှန်တကယ် မွေးဖွားဖြစ်တည်ခဲ့တဲ့လူတွေဖြစ်ကြောင်း အထောက်အထားတွေ စတဲ့စတဲ့စာရွက်ပေါ်က လူတွေနဲ့အမြဲ ထိတွေ့ဆက်ဆံနေရတဲ့အလုပ်၊ စာရွက်ပေါ်က လူတွေက အနီးအနားမှာရှိတဲ့သူတွေရော၊ ဟိုးအဝေးရောက်နေကြသူ တွေရော၊ အခုလက်ရှိ ဒီလောကမှာ ရှိနေသေးတဲ့သူတွေရော၊ သေလွန်သွားခဲ့ကြသူတွေရော စုံလို့၊ ဒါပေမယ့် သူတို့ အားလုံးက စာရွက်ပေါ်မှာတော့ အားလုံးအတူတူပဲ နာမည်တွေပဲ၊ တစ်ချို့နာမည်တွေက ခဏခဏမြင်နေရတော့ မျက်စိ ထဲမှာ ရင်းနှီးနေတယ်၊ စိတ်ထဲမှာ အကျွမ်းတဝင်ခံစားရတယ်၊ တကယ်တော့ အဲဒီနာမည်ပိုင်ရှင်ကို ဖြူသလား မဲသလား တောင် သူ သိတာမဟုတ်၊ အဲဒီလိုပဲ အပြင်မှာ ကိုယ်နဲ့ကောင်းကောင်းသိနေတဲ့လူတွေကို တခါတရံနာမည် မေ့မေ့နေ တတ်တယ်၊ လူချင်းကောင်းကောင်းရင်းနှီးသွားတော့လည်း တစ်ယောက်ကိုတစ်ယောက်က နာမည်ခေါ်ခေါ်ပြီး စကား ပြောမနေကြတော့ဘူးလေ၊ အလွန်ဆုံးတစ်ယောက်ကိုတစ်ယောက် အဖျားဆွတ်နာမည်တွေ၊ နာမည်ပြောင်တွေလောက် နဲ့ပဲ ဆက်ဆံနေကြတော့ တခါတရံ နာမည်ရင်းကိုတောင် မနည်းစဉ်းစားယူရတယ်။
          ဒီနေ့မနက် ရုံးရောက်လာတော့လည်း ထုံးစံအတိုင်း ပိရိတ်သက်က စည်ကားနေတာပဲ၊ ရုံးအကူ ကောင်လေးက “ဆရာ ဘာသောက်မလဲ״ ဆိုတော့ “ထုံးစံအတိုင်း ပေါ့ဆိမ့်ပေါ့လို့״ ပြောလိုက်တယ်၊ ပြောပြီးမှ သတိရမိတယ်၊ သူ ဘယ်ဆိုင်ကသွားဝယ်မလဲ မသိ၊ ရုံးအောက်က လမ်းကြားလေးမှာ ကပ်ရောင်းနေတဲ့ဆိုင်က ဆိုရင်တော့ သူ့ပေါ့ဆိမ့်က သူများတကာ ချိုပြစ်လောက်ရှိမည်။ ဒါမှမဟုတ် လမ်းထိပ်က စားဖွယ်ရာအစုံရတဲ့ ဆိုင်ကြီးမှာ သွားဝယ်ရင်တော့ သူ့ ပေါ့ဆိမ့်က သူ့လျှာနှင့်ဆို ပေါ့ကျလောက်ဖြစ်မည်။ သူ့အကြိုက် ပေါ့ဆိမ့်က သူတို့ရပ်ကွက်ထဲက ညတိုင်းသောက်နေကျ ဆိုင်က ပေါ့ဆိမ့်မျိုး၊ မတတ်နိုင် သူ့နှုတ်က လက်ဖက်ရည်ဆိုယင် ပေါ့ဆိမ့်ပဲ မှာနေကျနေခဲ့ပြီ၊ နာမည်တွေဟာ ကိန်းဂဏန်းတွေလိုပဲ နေရာလိုက်တန်ဖိုးတွေ ကိုယ်စီရှိမှန်း ကိုမောင်မောင် သိရက်နှင့် အသေမှတ်နေမိသည်။
          စောစောက ပြောခဲ့သည့် ကေလို လူမျိုးဆိုလျှင်တော့ ဒီတသက်မှတ်ပုံတင် ရဖို့မမြင်၊ မျိုးရိုးမသိ၊ ဇစ်မြစ်မသိ၊ မွေးဖွားခဲ့သည့် အထောက်အထားမရှိ၊ လူဆိုတာ နှလုံးခုန်နေသေးတဲ့အတွက် စကား(ဗမာစကားတော့မဟုတ်) ပြောနေ သေးတဲ့အတွက်တော့ လူဖြစ်နေသလို ထင်ရသည်။ တကယ်တော့သူ့ရဲ့ လူ့အဖြစ်က အထောက်အထားမရှိတဲ့လူ၊ ကွန်မြူနစ်တိုင်းပြည်တွေမှာဆို ဘာခွဲတမ်းမှရစရာမရှိတဲ့သူ၊ မှတ်ပုံတင်အရာရှိတစ်ယောက်အနေနှင့် သူ ကေကို သနား နေမိသည်။ သူဟာ မနက်ခင်းတစ်ခုမှာ မွေးဖွားလာသတဲ့လား၊ ဒီလို ပြောယုံနှင့်တော့လူတစ်ယောက်ဖြစ်ကြောင်း သက်သေမပြနိုင်၊ နောက်ဆုံးသူ့နာမည် ကေ ဆိုတာတောင် သူ့စာရေးဆရာက ရွေးချယ်ပေးလိုက်တဲ့နာမည် မဟုတ်လား၊ စာရေးဆရာက သူ့နာမည်အတိုကောက်ကို ဇါတ်ကောင်ကို လူလည်လုပ်ပြီး ပေးထားတဲ့နာမည်မဟုတ်လား၊ သူ့ ဇါတ်ကောင်ရဲ့နာမည်ကို သိပ်ရေးကြီးခွင်ကျယ်လုပ် မစဉ်းစားချင်တာနဲ့ပြီးစလွယ် ပေးလိုက်တဲ့နာမည်မဟုတ်လား၊ သူ့ကို ရေးတဲ့ စာရေးဆရာဟာ Kafka မဟုတ်ပဲ De Novo သာဆို သူ့နာမည်ဟာ ဒီ(D)ဖြစ်နေလောက်ပြီပေါ့။
          ကိုမောင်မောင့်မှာ တစ်မနက်လုံး နာမည်တွေအတော်များများ ဖတှ်ုနေတာနဲ့အတော် နှုံးချိနေခဲ့တယ်၊ စာရေး ကြီးဦးချစ်ခင်က “ဆရာ ထမင်းစားထွက်ရအောင်လေ״ ဆိုမှ နာရီလှမ်းကြည့်မိတယ်၊ ဟုတ်သားပဲ ဆယ့်နှစ်နာရီတောင် ကျော်မှပဲ၊ သူလည်း လုပ်လက်စ ဖိုင်တွဲလေးကို အသာပိတ်လိုက်ပြီး ထမင်းချိုင့်ဆွဲကာ ထွက်လာလိုက်တယ်၊
          လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကြီးမှာတော့ ရုံးကအဖွဲ့တွေ အတော်တောင်စည်ကားနေခဲ့ပြီ၊ ဆိုင်နာမည်က IT တဲ့၊ ဒါဟာ အတိုကောက်စာလုံးပဲလား၊ Information Technology ကို အတိုကောက်ရေးထားတာလား၊ ဒါမှမဟုတ် အင်္ဂလိပ်စာလုံး it ဗမာလို လို့ အဓိပ္ပါယ်ရတဲ့စာလုံးကို ပြောချင်တာလား၊ ဒါမှမဟုတ် ဆိုင်ရှင်ရဲ့နာမည်အတိုကောက် လား၊ သူ့မှာ အတော်စိတ်ဝင်စားနေမိတယ်။
          “ဆရာ မစားသေးဘူးလား ဘာတွေ တွေးနေတာလဲ״ ဆိုမှ သူ့မှာ ထမင်းဘူးဖွင့်ဖို့သတိရတယ်၊ ဦးချစ်ခင်ကတော့ ချိုင့်တစ်ဝက်တောင်ကျိုးပြီ၊ မနက်က မိန်းမထည့်ပေးလိုက်တဲ့ချိုင့်ကို ဖွင့်ကြည့်လိုက်တော့ ထုံးစံအတိုင်း ရွှေခေါင်းပြောင်၊ ဘာပဲဖြစ်ဖြစ် တွယ်မယ်လုပ်တော့ မနက်က မိန်းမပြောတာကို ခေါင်းထဲရောက်လာခဲ့တယ်၊ ကြက်ဥတွေတောင်အတု ထွက်နေပြီတဲ့ဆိုတော့ သူ့မှာပါးစပ်ထဲထည့်မယ့် ထမင်းလုပ်တောင်မှ လေထဲမှာတန့်သွားတယ်၊ နောက်မှ နေရာတကာ အထောက်အထားတောင်းနေရင်တော့ ထမင်းတောင်စားရမှာ မဟုတ်ပါဘူးဆိုပြီး ဇွတ်မှိတ်မြိုချလိုက်တော့တယ်။
          ရာသီဥတုက မိုးတွင်းဘက်ဆိုတော့ ပူအိုက်စွတ်စိုပြီး အုံအိုက်ကြီးဖြစ်နေခဲ့တယ်၊ ထွက်ပြီးသားချွေးတွေက တော် တော်နဲ့ မခြောက်သွား၊ သူ့ ခနာကိုယ်နဲ့ ရာသီဥတုရဲ့ ပိပက္ခကြား သူ့မှာ မအီမသာနဲ့ စိတ်ကဘယ်လိုမှ ရွှင်လန်းလို့မရ၊ စိတ်ကို ခနာကိုယ်ကနေဝေးရာ ခဏလွှတ်ထားလိုက်သည်၊ နေ့ခင်းဘက်နွားတွေကို စားကျက်ထဲလွတ်လွတ်လပ်လပ် လွှတ်ထားသလိုမျိုး၊ ဦးချစ်ခင်ပြောနေတာတွေကို ကြားတစ်ချက်မကြားတစ်ချက်၊ သူ့စိတ်ထဲမှာ ဦးချစ်ခင်ရဲ့ နာမည် အတိုကောက်ကို အင်္ဂလိပ်လိုရေးရင် CK ဆိုပြီး ဖြစ်မလား၊ ဒါဆို နိုင်ငံခြားက နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ Calvin Klein နဲ့ တူနေတော့မှာပေါ့၊ ဦးချစ်ခင်ရဲ့ဒီဇိုင်းကတော့ ဘယ်ဒီဇိုင်နာနဲ့မှ ပြောင်းလဲလို့ရမည်မဟုတ်၊ နေစားထားသဖြင့် ဖျော့နွမ်း နေသောရှပ်အကျလက်ရှည်နှစ်ထည် သုံးထည်နှင့် မဲပုတ်ပုတ်ချည်ကြမ်းလုံချည် သုံးထည်လောက်ကို ထည်လဲဝတ် နေသော သူ့ပုံစံက Calvin Klein ကို နာမည်ပျက်အောင်လုပ်နေသလိုပင်၊ နာမည်တွေဟာ အတိုကောက်ဖြစ်သွားတဲ့အခါ အတော်လေး abstract ဖြစ်လာသလိုပဲ၊ Calvin Klein နဲ့ ဦးချစ်ခင်ဟာ ရုပ်ကောနာမ်ရော ဘာမှမဆိုင်ပေမယ့် အတိုကောက်စာလုံး CK ချင်းတော့ တူနေခဲ့တယ်၊ နုနုအေး ဆိုတဲ့ အရုပ်ဆိုးဆိုး သဘောကောင်းကောင်း အစ်မ တစ်ယောက်နဲ့ နေနွယ်အောင်ဆိုတဲ့ လှတပတသူငယ်ချင်းတစ်ယောက်ဟာ ဘာမှမဆိုင်လှပေမယ့် အတိုကောက် ရေးရင်တော့ နနအ ပဲဖြစ်ဖြစ် ဘိုဆန်ဆန် nna ပဲဖြစ်ဖြစ် အတူပဲမဟုတ်လား၊ အဲဒီတော့ နာမည်တွေဟာ အသံထွက်တွေ စာလုံးပေါင်းတွေဘယ်လိုပဲ ကွဲပြားပေမယ့် အတိုကောက်စာလုံးတွေအဖြစ် ချုံ့လိုက်တဲ့အခါလူ့အဖြစ်ကို ရုပ်နာမ်နဲ့ ချုံ့လိုက်သလိုမျိုး ဘာမှမဟုတ်တဲ့သူလိုကိုယ်လို စာလုံးတွေပဲဖြစ်နေခဲ့တယ်၊ သူ့နာမည် မောင်မောင်ရဲ့ အတိုကောက် မမ ဆို မြန်မာ့မီးရထားလိုလို၊ လမ်းတံတားတွေမှာ မမ ဆိုတဲ့စာလုံးတွေ့တိုင်း သူ့နာမည်အတိုကောက်များလား ယောင်ပြီး ကြည့်မိတယ်၊ စစ်သတင်းတွေမှာ အမြှောက်ရဲ့ပြောင်းဝ အတိုင်းအတာကို မီလီမီတာနဲ့ပြောတော့လည်း မြန်မာလို မမ လို့သုံးပြန်တယ်၊ ဒီတော့သူငယ်ငယ်က ပိုးပန်းရာမှာ မအောင်မြင်ခဲ့တဲ့ သူ့ထက် ငါးနှစ်လောက်ကြီးတဲ့ မမ ကိုတောင် သတိရမိတယ်၊ သူမရဲ့ မျက်နှာဟာ အမြှောက်ပြောင်းဝကြီးလိုပဲ သူ့ဘက်ကို ဂြိုလ်ကြည့်လှည့်ကြည့်ခဲ့ပုံတွေကို ပြန်မြင် ယောင်ပြီး ပြုံးစိစိဖြစ်လာမိတယ်။
          “ဆရာဘာတွေများ သဘောကျလို့ ပြုံးနေတာလဲ״ ဆိုပြီး ဦးချစ်ခင် မေးမှ“ မဟုတ်ပါဘူး၊ ဘာညာနဲ့״ ရောချရတယ်၊ အဘိုးကြီးမှာ သူ့စကားထဲ ဘာများသဘောကျစရာပါသွားလို့လဲလို့ အတွေးရခက်နေပုံနဲ့၊ သူက “ဦးချစ်ခင် ကို ကြည့်ပြီး Calvin Klein ကို သတိရသွားလို့ပါ״ ဆိုတော့ သူ့မှာ ဘယ်က Calvin Klein လဲ စူးစမ်းတဲ့အကြည့်နဲ့ သူကပဲ သူတို့နှစ်ယောက်ရဲ့ အတိုကောက်စာလုံးတွေ တူတာကို သတိရမိပုံကိုပြောပြလိုက်တယ်၊ “ဆရာကလည်း ကြံကြံဖန်ဖန် တဲ့״ ၊ ကျွန်တော့်သမီးလေးဆို ချစ်ခင်ဝင်းလဲ့ ဆိုပြီးပေးထားတယ်၊ တော်ရုံနာမည်နဲ့တော့ မတူနိုင်တော့ဘူးပေါ့။
          ဟုတ်တယ်၊ နာမည်ဆိုတာ မတူအောင် ပေးရတာမဟုတ်လား၊ နာမည်တွေ အားလုံးက ဆင်နေရင် နာမည် ရဲ့အရေးပါမှုဟာ ဘာမှမဟုတ်၊ သတင်းစာထဲမှာ တွေ့တွေ့နေရတဲ့ ဗီယက်နမ် နာမည်တွေကို သွားသတိရမိတယ်၊ ငုယင်ကိုသက်တို့ ငုယင်ဗင်တိုင်းတို့ ငုယင် ဘာဘာညာညာ နဲ့ဆိုတော့ ကဗျာဆရာ ငုအိမ်ထက်မြက် ကိုတောင်မှ သူ့စိတ်ထဲ မြန်မာပြည်ဖွား ဗီယက်နမ်များလား သံသယဖြစ်မိတယ်၊ သူကတော့ မှတ်ပုံတင်အရာရှိဆိုတော့ နာမည်တွေကို စိတ်ဝင်စားမိတယ်။
          ဒီတော့စာရေးဆရာ Kafka ဟာဘာကြောင့်များ သူ့ဇါတ်ကောင်ကို k လို့ပြီးစလွယ်ပေးလိုက်တာလဲမသိ၊ သူများနဲ့ မတူအောင်လား၊ ဒါလည်းဟုတ်တာပဲ သူတို့ဆီမှာ မျိုးရိုးနာမည်တွေ၊ ရှေ့စာလုံးတွေ အလယ်စာလုံးတွေနဲ့ ရှည်ရှည် ဝေးဝေးပေးနေကြတာတွေကို မျက်စိနောက်လို့ဖြစ်မယ်၊ ဒါမှမဟုတ် ဆွေမျိုးတွေ ညာတိတွေနာမည်ထဲပါနေယင် သဘာဝ ကျအောင် အနည်းဆုံး အမျိုးဆက်ပြနေရမှာ အလုပ်ရှုပ်လို့များလား။
          ရုံးပြန်ရောက်တာ့ ဆံပင်ရှည်ရှည် အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ကောင်လေးတစ်ယောက်က သူ့ ၁၂ နှစ် မှတ်ပုံတင်က နာမည်ကို ၁၈ နှစ် မှတ်ပုံတင်လုပ်တော့ ပြောင်းချင်တယ်ဆိုပြီးတော့ လုပ်လာတယ်၊ လူနဲ့နာမည်ဟာအမှုနဲ့ မကင်းဘူးဆိုတာကို သက်သေပြနေသလိုပဲ၊ လူက နာမည်ကို မကြိုက်ဘူး၊ လူကနာမည်ကို ပြောင်းချင်တယ်၊ အဲဒီအတွက် အမှုကိစ္စတွေ ရှုပ်ထွေးလာတယ်၊ သူ့ခေါင်းထဲမှာ အဲဒီလို စာကြောင်းစီနေမိတယ်၊ သူ့ ၁၂ နှစ်သားနာမည်က ရဲမင်းထိုက်၊ အခု ၁၈ နှစ်သားမှာ ပြောင်းချင်တဲ့နာမည်က အာကာဟိန်းထက်၊ ခြောက်နှစ်အတွင်းမှာ ရဲမင်းထိုက်ဟာ အာကာဟိန်းထက် ဖြစ်သွားတယ်၊ ကပ်ဖကာက အိပ်ယာကနိုးတော့ လူကနေ ပိုးကောင်ကြီးဖြစ်သွားတယ်၊ ညတွင်းချင်းပဲ အသွင်ပြောင်းသွားတယ်၊ ရုပ်ပြောင်းသွားတယ်။ သူကတော့ ခြောက်နှစ်အတွင်း နာမည်ပြောင်းသွားတယ်၊ နာမ်ပြောင်း သွားတယ်ပေါ့။
          “မင်းနာမည် အတိုကောက်က အတော်ရှည်နေမှာပေါ့״ ဆိုတော့ ချာတိတ်ကကြောင်ပြီး “ဗျာ״ တဲ့၊ ပြီးမှ “ဟုတ်ကဲ့״ လို့ပြန်ဖြေတယ်၊ ကိုမောင်မောင့်စိတ်ထဲမှာတော့ မင်းနာမည်ကို ဘယ်လောက်စိတ်ကြိုက် ရွေးထားလဲ အတိုကောက်လုပ် လိုက်ရင် အက္ခရာ သက်သက်ပဲ ဖြစ်သွားမှာပါကွာလို့ ပြောနေမိတယ်။
          ကောင်လေးရဲ့ပုံစံက ခပ်အေးအေးပုံစံလေး၊ သူ့စားပွဲရှေ့မှာ ရိုရိုကျိုးကျိုးလေးရပ်လို့၊ ကိုမောင်မောင်လည်း သူ့ကို နဲနဲသနားသွားတာနဲ့ “ထိုင်ပါဦးကွ၊ ညောင်းနေမှာပေါ့״ ဆိုတော့ သူက ကျေးဇူးတင်တဲ့အပြုံးမျိုးနဲ့ အရှေ့က ခုံမှာ ညင်ညင် သာသာ ထိုင်လိုက်တယ်၊
          “အဲဒီတော့ အာကာဟိန်းထက်က အခုမှ မွေးလာတာလား၊ ရဲဟိန်းထက်က သေဆုံးသွားပြီလား״ ဆိုတော့ သူက ရုတ်တရက် အဖြေရခက်နေသလိုနဲ့ ခေါင်းကုတ်ပြီးပြုံးနေခဲ့တယ်
          “တကယ်ပါ ခေါင်းစားတာ မဟုတ်ပါဘူး၊ စိတ်ဝင်စားလို့ပါ၊ ယောင်္ကျားဘဝကနေ မိန်းမဘဝကို ဖြတ်တောက် ခွဲစိတ်ပြီး လိင်ပြောင်းချင်တဲ့လူတွေဆို ဦးက သိပ်စိတ်ဝင်စားတယ် ကိုယ့်ကိုယ်ကို ယောင်္ကျားလို့ခံယူနေရာကနေ နေ့ချင်း ညချင်း မိန်းမလို့ ဘယ်လိုစိတ်မွေးယူသလဲပေါ့ အခု မင်းအဖြစ်ကလည်း ခပ်ဆင်ဆင်ပဲမဟုတ်လား၊ ကိုယ့်ကိုယ်ကို ရဲမင်းထိုက်လို့ မမြင်တော့ပဲ အာကာဟိန်းထက်လို့ ဘယ်လိုပြောင်းမြင်လို့ရသလဲ၊ ကိုယ့်ကိုယ်ကို ရဲမင်းထိုက်လို့ သိထား ရာကနေ အာကာဟိန်းထက်လို့ ပြန်ပြောင်းပြီး ခံယူတာဟာ အတော်ထူးဆန်းတဲ့အတွေ့အကြုံပဲလို့ထင်တယ်၊ ဦးပြောတာ မဟုတ်ဘူးလား။״
          “ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့်ကျွန်တော် နာမည်ပြောင်းတဲ့ကိစ္စဟာ ဦးပြောတာတွေနဲ့ ဘယ်လိုပတ်သက် နေမလဲတော့ ကျွန်တော်ဥာဏ်မမှီဘူး၊ ကျွန်တော်သိတာကတော့ ကျွန်တော်ဟာ ဈေးထဲကလက်သုတ်မစားခဲ့ရင် အခုလို နာမည်ပြောင်းဖို့ဖြစ်လာမှာ မဟုတ်ဘူး။״
          “ဘယ်လို ဘယ်လို၊ ဈေးထဲက လက်သုတ်နဲ့ မင်းနာမည်ပြောင်းတာ ဘယ်လိုများဆက်စပ်နေလို့လဲ״ သူ့မှာ ရယ်ချင်စိတ်ကိုထိန်းပြီး မေးရသည်။
          အဲဒီကိစ္စက အတော်ရှင်းပြဖို့တော့ခက်တယ်၊ ဈေးထဲက လက်သုတ်စားပြီး နောက်တစ်ရက် ဝမ်းတွေ အကြီးအကျယ်သွားတော့တာပဲ၊ တစ်ရက် တစ်ရက်ကို အကြိမ်နှစ်ဆယ်လောက်ရှိမယ်၊ ဝမ်းတွေက စိမ်းဖန့်ဖန့်နဲ့၊ လူကို မျော့မျော့ကျန်တော့တယ်၊ အိမ်ကတော့ ကျွန်တော့်ကို ပစ်လိုက်ရပြီလို့ကို တွက်ကြတာ၊ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ့်ဘာသာကိုယ် သတိရတစ်ချက်မရတစ်ချက်၊ ရုပ်ရှင်တွေမှာ အနီးအဝေးဇွန်းနဲ့ ဆွဲရိုက်သလိုမျိုး ကျွန်တော့် အာရုံတွေက ဝေဝါးလာလိုက် ကြည်လင်လာလိုက်၊ ဝေဝါးသွားတဲ့အခါတော့လဲ လူဟာအကောင်အထည်မဲ့တဲ့ အရိပ် အငွေ့သက်သက်လိုပဲ၊ ကိုယ်ကိုယ်တိုင်က ဘာမှမဟုတ်၊ အကောင်အထည်မဲ့ အထိအတွေ့ အာရုံခံစားမှုမဲ့ ဒါပေမယ့်အာရုံတွေ ပြန်လည်ကြည်လင်လာတော့လည်း စူးရှထက်မြက်လိုက်ပုံက တကယ့်ကို လေတိုးတဲ့ အထိ အတွေ့လေးကိုတောင်မှ အရေပြားမှာ အေးမြနုညက်တဲ့လက်တစ်ဘက်နဲ့ ပွတ်သပ်သွားသလိုပဲ အချိန်နဲ့အမျှ အပူချိန်၊ အလင်းရောင်၊ စိုထိုင်းမှု အပြောင်းအလဲတွေကို ခနာကိုယ်ကအလိုအလျောက် သိရှိနေခဲ့တယ်၊ ခနာကိုယ်က အာရုံခံစက်ကြီးသက်သက်လိုပဲ၊ သိသမျှကို အတွေးထဲမပို့ဆောင်နိုင်ပေမယ့် အာုံခံစက်ကြီးသက်သက်လိုပဲ သိသမျှကို အတွေးထဲမပို့ဆောင်နိုင်ပေမယ့် အာရုံတွေကတော့ လတ်လတ်ဆတ်ဆတ်ကြီး၊ ခနာကိုယ်အနှံအပြားမှာ သိသာထင်ရှားလို့နေတယ်၊ ကျွန်တော့်စိတ်ထဲမှာ အသစ်တဖန်မွေးဖွားလာတဲ့လူတစ်ယောက်လိုပဲ အာုံခံစားမှုက သစ်လွင်လတ်ဆတ်လွန်းတယ် ဒါပေမယ့် ခဏနေပြန်တော့ ကျွန်တော်ဟာ မိခင်ဝမ်းဗိုက်ထဲ ပြန်ရောက်သွားသလို အပြင်လောကတစ်ခုလုံးဟာ ဝါးဖျော့ပျောက်ကွယ်လို့ သွားတော့ပြန်တယ်၊ အေးမြမှု၊ ပူလောင်မှု၊ အထိအတွေ့၊ အလင်း၊ အသံတွေ အားလုံးဟာ မိခင်ရဲ့ဝမ်းဗိုက်က တဆင့်ပဲရောက်လာသလို ကျွန်တော့်ဆီရောက်တဲ့အခါ အားလုံးက အကောင်အထည်မဲ့သွားတယ်၊ အဲဒီလိုနဲ့ ကျွန်တော်ဟာ အပြင်လောကနဲ့ အနီးအဝေးကစားရင်း ဝမ်းတွေကမရပ်တမ်း သွားနေခဲ့တယ်။
          ကျွန်တော့်စိတ်ထဲမှာ ခနာကိုယ်ထဲက အဟောင်းအမြင်း အပုပ်အစပ်မှန်သမျှဟာ ဝမ်းနဲ့အတူ အကုန်ပါသွား သလိုပဲ၊ ဝမ်းတခါသွားပြီးတိုင်း လူဟာ စိတ်ဆန္ဒတွေအကုန် လျော့ပါးသွားတယ်၊ ကိုယ့်ကိုယ်ကို ဘာမှ မဟုတ်တော့တဲ့ အရာတစ်ခုလိုခံစားလာရတယ်၊ တစ်နေ့ကို ဝမ်းအကြိမ်နှစ်ဆယ်လောက်သွားပြီးတဲ့အခါ လူဟာ အခွံသက်သက်သာ ကျန်တော့သလိုပဲ။
          ဒီလိုနဲ့ သုံးလလုံးလုံးဝမ်းသွားနေခဲ့တယ်၊ နေ့စဉ်ရက်ဆက် ဝမ်းကလျော့သွားတယ်လို့မရှိ ပုံမှန်အကြိမ်နှစ်ဆယ် လောက်ကို သွားနေတာပဲ၊ ဘယ်လိုပဲ ဆေးတိုက်တိုက်ထိုးထိုး၊ သက်သာတယ်မရှိ၊ ဒါပေမယ့် ရပ်ချင်တော့လည်း ရုတ်တရက် မုန်တိုင်းစဲသွားသလိုမျိုးတိခနဲပဲ၊ သုံးလတင်းတင်းပြည့်တဲ့နေ့ကနေ စပြီး ဝမ်းက လုံးဝရပ်သွားတယ်၊ လုံးဝမသွားတော့ဘူး၊ ဒါပေမယ့် လူကတော့ မျော့နေဆဲပေါ့။
          နောက်တစ်လလောက်ကြာမှ ကျွန်တော်လည်း လမ်းနဲနဲပါးပါးလျှောက်နိုင်လာတယ်၊ ကိုယ့်ကိုယ်ကိုလည်း လူ အသစ်တစ်ယောက်လို ခံစားလာမိတယ်၊ မွေးပြီးတစ်နှစ်လောက်အကြာမှာ စမ်းတဝါးဝါးလမ်းလျှောက်နေတဲ့ လူအသစ် တစ်ယောက်အတိုင်း ကျွန်တော်လည်းလက်ရမ်းကို ကိုင်ပြီး ခြေတစ်လှမ်းလှမ်းဖို့ မနည်းအားထုတ်နေရတယ်၊ ခြေလှမ်း တိုင်းဟာ မြေကြီးကိုတစ်ခါမှ မထိခဲ့ဘူးတဲ့အတိုင်း စိတ်ချယုံကြည်မှု ကင်းမဲ့လို့၊ ခြေတစ်လှမ်းလှမ်းပြီး နောက်တစ်လှမ်း လှမ်းဖို့ကို အချိန်အတော်ယူပြီးမှ လှမ်းနိုင်တယ်၊ ခြေလှမ်းတင်မကဘူး၊ ခနာကိုယ်ကလည်းဟန်ချက်ကို ထိန်းနိုင်ဖို့ မနည်းကြိုးစားနေရတယ်၊ ခြေလှမ်းတိုင်းဟာ ကျွန်တော့်အတွက် ဘဝသစ်တခုထဲတိုးဝင်နေသလိုပဲ အဲဒီလို ကျွန်တော် ခံစားမိတယ်။
          ဒါဟာ တင်စားပြီးပြောနေတာလို့ ထင်ကောင်းထင်မယ်၊ ဒါပေမယ့်ဒါဟာ အမှန်ဖြစ်နေတာပဲ၊ ရုပ်ခနာတစ်ခုထဲမှာ ဖြစ်နေတာလည်း မဟုတ်ဘူး၊ စိတ်ကူးတွေ ခံစားမှုတွေအားလုံးက အရင်လိုမဟုတ်တော့မှန်းသိနေတယ်၊ အတိတ်ဟာ ဟိုးအဝေးကြီးမှာ ကျန်ရစ်နေသလိုပဲ၊ ကိုယ်နဲ့မဆိုင်သူများ ပြန်ပြောပြလို့သိရတဲ့အဖြစ်မျိုးလို၊ လူတွေကတော့ ကျွန်တော့်ကို အရင်အတိုင်းပဲ ဆက်ဆံနေကြတယ်၊ ကျွန်တော့်ကို ရဲမင်းထိုက်အနေနဲ့ပဲ ဆက်ဆံနေကြတာဟာ ကျွန်တော့် အဖို့အတော် ကသိကအောက်ဖြစ်စေတယ်၊ လူမှားပြီး နှုတ်ဆက်ခံရသလိုပဲ။
          ဒီလိုနဲ့ ဆေးရုံပေါ်ကဆင်းတော့ ကျွန်တော်ကိုယ့်ကိုယ်ကို လူသစ်တစ်ယောက်အနေနဲ့ နာမည်သစ်တခုပေးဖို့ စဉ်းစားမိတယ်၊ တကယ်တော့ ကျွန်တော်ဟာ နာမည်အဟောင်းကို မကြိုက်တော့လို့လည်းမဟုတ်ပါဘူး၊ နာမည်အသစ် လှလှလေးပေးချင်လို့လည်း မဟုတ်ပါဘူး၊ ကျွန်တော်ဟာ ရဲမင်းထိုက် မဟုတ်တော့ဘူးဆိုတာသိနေခဲ့ပြီလေ၊ ဒီတော့ ရဲမင်းထိုက်အနေနဲ့ ဆက်မနေချင်တော့ဘူး၊ ကိုယ့်ကိုယ်ကို အသစ်တစ်ယောက်ဆိုတာ သေချာနေတဲ့အတွက် နာမည် အသစ်တစ်ခုသက်သက်ပေးချင်မိတာပါ။ နာမည်အဟောင်းနဲ့သာ ဆက်နေရရင် ကျွန်တော်ဟာ အရင်အိမ်ရှင်ရဲ့ နာမည် မပြောင်းသေးဘဲ ဆက်သုံးနေတဲ့အိမ်ပြောင်းလာသူလို ဖြစ်နေမှာပေါ့၊ ဒါနဲ့ပဲ အခုလို ဆယ့်ရှစ်နှစ်မှတ်ပုံတင်လုပ်ရင်းနဲ့ တစ်လက်စထဲ နာမည်ပြောင်းဖို့ စီစဉ်မိတာပါ။
          ကောင်လေးမှာ မိနစ်သုံးဆယ်ဆက်တိုက် မနားတမ်းပြောလိုက်ရသဖြင့် အတော်မောပန်းသွားပုံရသည်။ တုတ်တုတ်မှ မလှုပ်တော့၊ ငူတူတူလေး ထိုင်နေခဲ့သည်။ ကောင်လေးကို ကြည့်ရင်း အခွံလဲပြီးခါစပိုးဟပ်တစ်ကောင်လို သူ့စိတ်ထဲ ထင်လာမိတယ်၊
          “ဒါနဲ့ မင်း မိဘတွေကရော״
          “သူတို့ကတော့ ဘယ်လိုထင်ကြမလဲမသိဘူး၊ ကျွန်တော်လည်း ဒီ့ထက်ပိုရှင်းမပြတတ်ဘူး
          အခုနာမည်ပြောင်းဖို့ဆိုတာ ကိစ္စမရှိပါဘူး၊ ကျွန်တော်ပြောထားပြီးသားပါ״
          ကိုမောင်မောင်လည်း စာရွက်စာတမ်းတွေ စုံမစုံ စစ်ဆေးနေခဲ့တယ်၊ စိတ်ထဲကလည်း အာကာဟိန်းထက်ကို နေ့လည်ခင်းတစ်ခုမှာ မှတ်ပုံတင်ရုံးကနေ မွေးဖွားပေးလိုက်သည်လို့ တွေးနေမိတယ်၊ ခဏနေတော့ ကောင်လေးကို နောက်တစ်ပတ်လာခဲ့ဖို့ ချိန်းလိုက်တယ်။
          ရဲမင်းထိုက်နာမည်နဲ့ ၁၂ နှစ်မှတ်ပုံတင်အဟောင်းလေးကတော့ သူ့ဆီမှာကျန်ရစ်တယ်၊ သူလည်း အဲဒီမှတ်ပုံတင် အဟောင်းလေးကို သူ့ဖိုင်လေးထဲတွဲပြီးထည့်ပေးထားလိုက်တယ်၊ ရဲမင်းထိုက်ဟာ ဖိုင်တွဲအဟောင်းထဲကနေ ဘယ်တော့မှ ထွက်မလာနိုင်တော့ဘူး၊ ရဲမင်းထိုက်ဟာ မကြာခင်မှာ မေ့ပျောက်ခံအရာတစ်ခုဖြစ်လာတော့မယ်၊ ရဲမင်းထိုက်ဟာ တရားလိုမရှိတော့တဲ့ သိမ်းဆည်းခံပစ္စည်းလို။
          ညနေရုံးဆင်းတဲ့အထိ သူ့စိတ်ထဲမှာ ဟာတာတာနှင့် တစ်ခုခုလိုနေသလို၊ ဒီကောင်လေးဟာ ဦးနှောက်မှ မှန်သေးရဲ့လားမသိ၊ ဖယ်ရီပေါ်ထိုင်လိုက်လာရင်း လမ်းတစ်လျှောက် သူ တွေးလာခဲ့သည်။ ဘေးဘီက လူများ ပြောနေသောစကားက သူ့နားထဲမရောက်၊ တကယ်လို့ ကေဟာ သုံးလလောက် ဝမ်းလျှောခဲ့ရင် ကေ ဟုတ်ပါ့ဦးမလား၊ ညက ဖတ်ခဲ့သောဝတ္ထုနှင့် နေ့လည်က ကြားခဲ့သောဇါတ်လမ်းဘယ်ဟာက ပိုဖြစ်နိုင်ခြေရှိမလဲ၊ အို ဖြစ်နိုင်ခြေဆိုတာက ဖြစ်နိုင်ခြေပဲ မဟုတ်လား၊ နာမည်တစ်လုံးပြောင်းသွားတာနဲ့ လူက ပြောင်းသွားသတဲ့လား၊ သေချာတာကတော့ နာမည်ပြောင်းသွားလျှင် ဖိုင်တွဲအသစ်ပြောင်းဖို့တော့လိုလိမ့်မည်။
ဒီနိုဗို
Nwe Ne Magazine,
Issue on Memorial of Saffron Revolution

Saturday, November 2, 2013

အချိန်ပို




            လူဆိုတာ စနစ်လေး၊ ဇယားလေးတော့ရှိမှ ကောင်းမယ်လို့ ကျုပ်ထင်တယ်၊ မဟုတ်ရင် အလေ့ကျ ကျင်လည်ကျက်စားနေတဲ့ တိရစ္ဆာန်တွေနဲ့ ဘာများကွာခြားတော့မှာလဲ။
            အခုပဲကြည့် ကျုပ်အပြင်ကလမ်းလျှောက်ပြီးပြန်အလာ တံခါးဖွင့်ဖို့သော့လှမ်းရှာတုန်းရှိသေး၊ တံခါးကဖွင့်ရက်သားကြီး ဖြစ်နေတယ်၊ အိမ်ရှေ့မှာလည်း တစ်ယောက်မှမရှိ မခက်လား၊ ဒါဟာ အိမ်ထဲရှိရှိသမျှ ချမ်းသာသမျှလေး တက်တက်စင်ပြောင်မယ့် ကိစ္စ၊ အခန့်မသင့်ရင် လူတောင်အန္တရာယ်မကင်း၊ အနုကြမ်းစီးခံရနိုင်သေး၊ ဒါဟာ ဘယ်လိုမှမဖြစ်သင့်တဲ့ကိစ္စ၊ အိမ်မှာလူတွေ ဒီလောက်အများကြီးရှိပြီး ဒီလိုဖြစ်ရတယ်လို့ ဟိုအကြီးဆုံးကောင်ကလည်း အသက်ကသာကြီးကြီးလာတယ် အရက်ကလေးတမြမြနဲ့ အိမ်မှာ ဘာတာဝန်မှယူတယ်လို့ မရှိဘူး၊ အငယ်ကောင်ကျပြန်တော့လည်း စာသမားယောင်ယောင် ဘာယောင်ယောင်နဲ့ ဟိုလူခေါ် လိုက်သွား ဒီလူခေါ်ရင်လိုက်သွား အိမ်မှာမြဲတယ်လို့ကိုမရှိ၊ သမီးနှစ်ယောက်ကလည်း သူတို့ကလေးတွေနဲ့ အိမ်မှုကိစ္စတွေနဲ့ အမြဲကို ရှုပ်ထွေးလို့ တွေးကြည့်တာနဲ့ကို ခေါင်းနောက်လာတယ်။ အိမ်မှာအမြဲရှိတဲ့အမေကြီးကျတော့လည်း မျက်စိကမွဲ၊ နားကထိုင်းနဲ့ ဘာမှ သုံးစားလို့မရ။ မဖြစ်သေးပါဘူးလေ ဒီကိစ္စနဲ့ပတ်သက်ပြီး အလှည့်ကျတာဝန်ယူတဲ့စနစ်လေးတော့ စီမံဦးမှပါပဲ၊ ဒါဟာအိမ်ရဲ့ လုံခြုံရေး ကိစ္စမဟုတ်လား၊ အခုလိုမျိုးပေါ့ဆလို့ ကန်ထရိုက်တိုက်ခန်းတွေမှာ မယောင်မလည်နဲ့တက်လာပြီး ပစ္စည်း“မ״မသွားတာ မှုခင်းသတင်း တွေထဲမှာ မဖတ်ချင်မှအဆုံး၊ ဒါကို ဒင်းတို့တစ်ယောက်မှ မကြားဖူးကြဖူးလား တကယ့်ကိုစံပါပဲ။ မဖြစ်ပါဘူး။ ဒီတနင်္ဂနွေ ရုံးပိတ်ရက် ကြမှ အားလုံးမျက်နှာစုံညီစည်းဝေးကြပြီး ဒီလုံခြုံရေးကို ဘယ်သူဘယ်ဝါတာဝန်ယူမလဲ အများသဘောတူဆုံးဖြတ်မှပါပဲ။
            ခက်တာက အိမ်ကလူတွေဟာ စနစ်ဇယားနဲ့ အလုပ်လုပ်ဖို့စိတ်ကူးကိုမရှိတာပဲ ပြောရတာနားဝေးလွန်းအားကြီးတယ်။ တစ် လောကတင် အိမ်ကမိန်းမနဲ့ကလေးတွေကို နင်တို့တွေအချိန်ဇယားလေးနဲ့ အလုပ်လုပ်သင့်တယ် တလစာအစီအစဉ်လေးဆွဲပြီး ကိုယ် လုပ်ဖို့လိုတဲ့အရာတွေ အကြမ်းဖျင်းရာထားကြည့်ပါလားလို့ ပြောမိပါတယ်။ တစ်အိမ်သားလုံးက ကျွန်တော့်ကို မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်ပြီး တုံဏှိဘာဝေလုပ်နေကြတယ်။ မသိရင် ကျုပ်ကပဲမတော်မတည့်တွေပြောနေတဲ့အတိုင်းပဲ သားအကြီးက ပြောလိုက် သေးတယ် “ကျွန်တော်အရက်သောက်တဲ့အချိန်ကော အချိန်ဇယားထဲထည့်ရမှာလား״တဲ့ ကျုပ်လည်းစိတ်ပေါက်ပေါက်နဲ့ “အေး မင်း သောက်တဲ့အချိန်ရော၊ မှောက်တဲ့အချိန်ပါထည့်ထားလို့״ ပိတ်ဟောက်လိုက်မှပဲ ပါးစပ်ပိတ်သွားတော့တယ်။ အိမ်ကလူတွေက အဲဒီလို။ စိတ်ကုန်ဖို့ကောင်းတယ်။
            သမီးအကြီးကဆို “အိမ်မှာ ဗာဟီရတွေက ဒီလောက်များနေတာ အဖေရာ၊ အဖေ့အချိန်ဇယားထဲထည့်လို့တောင် ဆန့်မှာ မဟုတ်ဘူး״တဲ့ပြောပုံက ကျုပ်လည်းအချဉ်ပေါက်တာနဲ့ “အေးဟေ့၊ နင်တို့က ဘန်ကီမွန်းထက်တောင် အလုပ်များတဲ့သူတွေဆိုတော့ (၂၄)နာရီတောင် မလောက်ဘူးဖြစ်နေတာပေါ့လို့״ အငေါ်တူးလိုက်တော့ ဇက်ကလေးပုပြီး အမြီးကုပ်သွားတယ်၊ အရေးထဲ သူ့သား အငယ်ကောင် (၃)တန်းကျောင်းသားက ဝင်နှောင့်သေးတယ်၊ “ဘိုးဘိုးကြီးရာ သားကတော့ အချိန်ဇယားဆို မုန့်စားဆင်းချိန်နဲ့ ကျောင်းလွှတ်ချိန်နှစ်ခုပဲ စိတ်ဝင်စားတယ်״တဲ့၊ အားလုံးကပြုံးစိစိနဲ့ သူပြောတာကိုကျိတ်ပြီး သဘောကျနေပုံမျိုး၊ ကျုပ်မှာသာ စိတ်ထဲ ကျလိကျလိနဲ့ အသည်းယားနေလိုက်တာ၊ ဒါနဲ့ မနိုင်နိုင်ရာ မိန်းမကိုလှည့်ပြီး “ ကဲ အမေကြီး ဘာပြုံးစိစိလုပ်နေတာလဲ״ လို့ လှမ်း ဟောက်လိုက်မှ “အဖေကြီးကလဲ၊ ကျွန်မမှာ ဒီအရွယ်အိုကြီးအိုမမှ ဘာအချိန်ဇယားများဆွဲရဦးမှာလဲ״လို့ ရယ်ကျဲကျဲနဲ့ပြန်ဖြေတယ်၊ ကျုပ်လည်း စကားနိုင်လုပြီး “ အေး သေမယ့်အချိန်ကိုသာဆွဲဟေ့״လို့ ဘုတောပစ်လိုက်တယ်။ တအိမ်လုံး “ဝါးခနဲ״ ပွဲကိုကျလို့။ အိမ် မှာက အဲဒီလို။
            တခါတခါတော့ လူတွေဟာ အဲဒီလိုပဲ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေနေကြတာပဲလား။ အဲဒီလိုနေလို့ကောရသလား ကျုပ်တော့မေးခွန်းထုတ်မိတတ်တယ်။ ကျုပ်ကတော့ရုံးမှာ အနှစ်သုံးဆယ်ကျော် လုပ်လာလို့လားမသိ၊ အရာရာကိုကြိုတင်စီမံပြီးမှ အလုပ်လုပ်တတ်တယ်။ အချိန်ကိုက်ပြီးစီးဖို့ကိုလည်း အမြဲသတိထားတယ်၊ ဒါကြောင့်မို့လည်း အလုပ်ထဲမှာ ဘယ်တော့မှ ကသောင်း ကနင်း မဖြစ်ဖူးဘူး ကြီးကြီးကျယ်ကျယ် အခက်တွေ့တာမျိုးလည်း မကြုံရဘူး၊ ဒီ့အတွက် ဝန်ထမ်းကောင်းလက်မှတ်တွေလည်း ရခဲ့ဖူး ပါရဲ့။
            ဒါ့ကြောင့် ကိုယ့်အိမ်ကလူတွေကိုလည်း အလုပ်ကိုအဲဒီလို အလုပ်နဲ့တူအောင်လုပ်တတ်ဖို့ အမြဲတိုက်တွန်းနေရတာပေါ့။ ဒါပေမယ့် ပြောလည်းမောတာပဲ အဖတ်တင်ပါတယ်။ သိပ်တော့မထူးခြားလာပါဘူး။ ကြည့်လေ၊ ကျုပ်သမီးအကြီးဆို ကျုပ်တဖွဖွ သတိ ပေးတယ် နင့်ကလေးသုံးယောက်ရှေ့ရေးအတွက် နင်တို့နှစ်ရှည်စီမံကိန်းတစ်ခုရှိထားရမယ်လို့၊ ဘာပြန်ပြောတယ်မှတ်လဲ “အဖေရာ၊ တစ်နေ့တစ်နေ့ နေ့ကူးအောင်တောင်မနည်းသက်ပြင်းချပြီး စီမံနေရတယ်၊ ဘယ်လိုလုပ်နှစ်ရှည်စီမံကိန်းချနိုင်မှာလည်း״တဲ့။ သူပြော သလိုတော့ သူ့ဆင်ခြေနဲ့သူ ဟုတ်နေတာပဲ။ ဒါပေမယ့်ဆင်ခြေဟာဆင်ခြေပဲလေ၊ ဖြေရှင်းချက်မှမဟုတ်တာ၊ ဆင်ခြေပေးလိုက်ရုံနဲ့ ပြနာက ပြေလည်သွားမှာမှ မဟုတ်တာ၊ အဲဒီလိုပြောပြန်တော့ သူက “ကျွန်မ ဆင်ခြေကန်နေတာမဟုတ်ပါဘူး အဖေရာ၊ စဉ်းစား ကြည့်၊ ကျွန်မတို့မှာ အခုဌါးနေတဲ့အခန်းတောင် နောက်ခြောက်လကြာရင် ဆက်နေလို့ရမရ မသေချာသေးတာ၊ ဘာတွေကိုများ အသေအချာစီမံကိန်းဆွဲနိုင်မှာတဲ့လဲ״ တဲ့။ ကျုပ်လည်း သူနဲ့ကြာကြာဆက်ငြင်းနေရင် သွေးတက်လာလိမ့်မယ်ဆိုတာ သိနေတော့ “အေးဟေ့ ငါကတော့ နင်တို့သားအမိတွေ ရှေ့ရေးရင်လေးလို့ ပြောနေတာ နားမထောင်ရင်လည်း ဆက်မပြောတော့ဘူး״ လို့ပဲပြောပြီး လမ်းထိပ်လ္ဘက်ရည်ဆိုင်ဘက် စိတ်ဆိုးဆိုးနဲ့ ထွက်ထိုင်နေလိုက်တယ်။ ကျုပ်သားသမီးတွေက အဲဒီလိုမျိုး အဖေ့ခြေရာနင်းနိုင်တာ။
            ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ကျုပ်ကတော့ ကျုပ် “စံ״ အတိုင်းရအောင်လုပ်တယ်။ ဒီနေ့လည်း လစဉ်ငွေစာရင်းရှင်းတမ်းကို ချုပ်ဖို့ ရှိသေးတယ်။ ဘယ်သူတွေဘာပြောပြော ကျုပ်ကတော့ အိမ်ရဲ့လစဉ်ဝင်ငွေထွက်ငွေကလေးကို စာရင်းလေးအမြဲတို့ပြီး မှတ်ထားလေ့ ရှိတယ်။ လကုန်ရက်နီးလာတာနဲ့ အဲဒီစာရင်းလေးတွေကိုပေါင်းပြီး လချုပ်ငွေစာရင်းရှင်းတမ်းလေး အမြဲလုပ်ထားတယ်၊ ပြီးရင်အိမ်သား တွေဆုံတဲ့ ညပိုင်းလေးမှာ (၁)နာရီလောက်အချိန်ယူပြီး ကျုပ်ရဲ့ငွေစာရင်းရှင်းတမ်းလေးကို ထုတ်ပြန်ကြေငြာလေ့ရှိတယ်။ အဲဒီမှာ လည်း ကျုပ်အိမ်ကတော့ ထုံးစံအတိုင်း သိပ်စိတ်ပါလှတယ်တော့မဟုတ်။
်ရှိလို့သာ နားထောင်နေရတဲ့သဘောမျိုး ပုံဆောင်နေကြတယ်။ တခါတရံ ကလေးတွေကို မျက်ရိပ်ပြပြီး ကိုးရီးယားကား လာနေပြီလို့ အော်ခိုင်းတတ်တယ်။ ကျုပ်ကလည်း မာမာပဲ၊ ကလေးတွေကို “ဒီမှာအရေးကြီးကိစ္စရှိတယ်၊ အနားမလာနဲ့လို့״ ပိတ် ဟောက်ပစ်လိုက်တယ်။ ကလေးတွေရော လူကြီးတွေပါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ငြိမ်ကုပ်သွားကြတယ်။ ပြီးတော့ ကျုပ်ရဲ့ငွေစာရင်းရှင်းတမ်းပြီးတဲ့အထိ စိတ်မသက်မသာနဲ့ နားထောင်ပေးနေခဲ့ကြတယ်။ ငွေစာရင်းဆိုတာ အလုပ်မှန်သမျှရဲ့ အသက်၊ အဖွဲ့အစည်းမှန်သမျှရဲ့ သွေးကြောပဲမဟုတ်လား။ ဘယ်လောက်ဝင်ငွေရှိမှန်းမသိ၊ ဘယ်လောက်သုံးနေမိမှန်းမသိတဲ့ အလုပ်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲဖြစ်ဖြစ် အနှေးနဲ့အမြန်ဒုက္ခရောက်ဖို့သာ ရှိတာပဲလေ။ ကျုပ်လည်း ဒီသဘောကို တဖွဖွပြောပါတယ်။ ဒါပေမယ့် ထုံးစံ အတိုင်း ဆင်ခြေဆင်လက်မျိုးစုံ ရှာကြံပေးကြတော့တာပဲ။ အငယ်ကောင်ကဆို “ကျွန်တော်တို့မှာ အကြွေးနဲ့ စားသောက်လိုက်၊ လကုန်ပြန်ရှင်းလိုက်နဲ့ မဝင်ခင် ထွက်နေတဲ့ငွေတွေကို ဘယ်လိုလုပ် ဝင်ငွေထွက်ငွေ ရှင်းတမ်းလုပ်ရမှာလဲဗျာ״ တဲ့။ အငယ်မကလည်း အားကျမခံ “ဟုတ်တယ်အဖေရ၊ ဝင်ငွေထွက်ငွေက ဘယ်တော့မှ မျှမှာလည်းမဟုတ်ဘူး။ ဒီ့ထက်လျော့သုံးလို့က မရတော့ဘူး၊ အဲဒီ တော့ အဲဒီဇယားဆွဲပြီးမှ ကိုယ့်အကြွေးကိုယ် သတိထားမိပြီး ပိုစိတ်ဆင်းရဲရမယ်၊ လုပ်မနေပါနဲ့အဖေရာ״ တဲ့။ ကဲ ကောင်းကြသေးရဲ့ လား။ ကျုပ်လည်း စိတ်ကတော့ အတော့်ကိုကုန်နေပြီ။ ဒါပေမယ့် ကျုပ်သာစိတ်လျှော့လိုက်ရင် ဒင်းတို့ဒီ့ထက်ပိုပြီး စည်းမဲ့ကမ်းမဲ့ ဖြစ်လာလိမ့်မှာ ကျိန်းသေပဲ။
            ကျုပ်သဘောက ဘာမဆိုဆင်ခြင်တုံတရားနဲ့ ကျိုးကြောင်းကျကျ စဉ်းစားလုပ်ကိုင်စေချင်တာပါ။ ဒါမှလည်း ဘဝမှာ အမှား အယွင်းနည်းမှာ မဟုတ်လား။ ဒါပေမယ့် အိမ်မှာတော့ အဲဒီလိုမဟုတ်ဘူး။ တစ်လောကပဲ အငယ်မလင်မယား ရန်ဖြစ်ကြတယ်။ ယူပြီး တာမှ ဘယ်လောက်မှမကြာသေးဘူး။ လင်မယားရန်ဖြစ်တာတော့မဆန်းပါဘူး။ ကျုပ်တို့လင်မယားလည်း ငယ်ငယ်ကဆို တကြတ် ကြတ်ပေါ့။ ဒါပေမယ့် ကျုပ်ဖြစ်စေချင်တာက ပြနာတစ်ခုကို နှစ်ဖက်စလုံးက ခေါင်းအေးအေးထားပြီး အဖြေရှာကြဖို့ပါ။ တစ်ယောက်ကိုတစ်ယောက် နာကျင်အောင်ပုတ်ခတ်ပြောဆိုနေကြမယ့်အစား တစ်ယောက်ကိုတစ်ယောက် အကျိုးသင့် အကြောင်း သင့် ရှင်းပြကြပြီး တိုင်ပင်ဖြေရှင်းကြရင် မကောင်းပေဘူးလား။
            အခုတော့ တစ်ယောက်နဲ့တစ်ယောက် စကားပြောအဆင်မပြေကြတာနဲ့ ငယ်ကျိုးငယ်နာတွေဖေါ်၊ မဟုတ်ကဟုတ်ကတွေ စွပ်စွဲ၊ နာကျင်အောင်နင့်နင့်သီးသီးပြောဆို၊ အို စိတ်ပျက်စရာကြီးပါ။ တခါတခါ ကျုပ်လည်း မနေနိုင်တာနဲ့ လင်မယားကြားဝင်ပြီး ဖြေရှင်းပေးမိတယ်။ ကျုပ်ပြောတာက ရှင်းရှင်းလေး၊ လင်ရောမယားရော နှစ်ယောက်လုံးကိုမေးတယ်။ မင်းတို့တစ်ယောက်ကို တစ်ယောက် ဘာမကျေနပ်တာရှိလဲ ပွင့်ပွင့်လင်းလင်းပြောကြ တစ်ယောက်ကိုတစ်ယောက် ဘာဖြစ်စေချင်သလဲ ပြောပါ။ ဘာမှ သွယ်ဝိုက်နေစရာမလိုဘူး။ အဲဒီလိုဆိုတော့လည်း နှစ်ယောက်လုံးက တုတ်တုတ်မလှုပ်ဘူး။ ပြီးတော့ ပြိုင်တူပြောကြတာက “အဖေ နားမလည်ပါဘူး״တဲ့။ “ပြနာက အဲဒီလိုရိုးရိုးစင်းစင်းဖြေရှင်းလို့ရယင် ဒီလိုရန်ဖြစ်နေစရာတောင်မလိုဘူးတဲ့״ အဓိကက လူ မကောင်းတာ၊ လူဆိုပြီး တစ်ယောက်ကိုတစ်ယောက်က လက်ညှိုးထိုး၊ ရန်စောင်ပြီး သတ်ကြဖြတ်ကြတော့မယ့်အတိုင်း၊ ကျုပ်လည်း ထုံးစံအတိုင်း လမ်းထိပ်လ္ဘက်ရည်ဆိုင်သာ ထွက်လာမိတယ်၊ အဲဒီက ကက်ဆက်သံတောင် အိမ်က အသံတွေလောက်ဆူလိမ့်မယ် မထင်ဘူး။ ရေနွေးပူပူက စိတ်ကိုအေးသွားစေတယ်။
            ဒီကိစ္စတွေကတော့ ပြောရင်လည်း ကုန်မယ်မထင်ဘူး။ အဲဒီမကုန်မယ့်ကိစ္စတွေပဲ လူကလည်း ပြောချင်နေတာ။ ပြောလို့မှ မဆုံးသေးဘူး၊ “အဖေကြီး ဧည့်သည်״ ဆိုတော့ စိတ်ထဲထောင်းခနဲဖြစ်သွားတယ်၊ ဒီနေ့ ကျုပ်ဘယ်သူနဲ့မှတွေ့ဖို့ မချိန်းထားဘူးလေ။ ငွေစာရင်းရှင်းတမ်းကို ဒီနေ့အပြတ်လုပ်မယ်လို့ စိတ်ကရည်စူးပြီးသား။ ဒီကြားထဲ ဘယ်ဧည့်သည်က အလိုက်ကမ်းဆိုးမသိ လာရတာ လဲလို့ တွေးနေမိတယ်။
            အဲ့ဒီဧည့်သည်ကလည်း ကျုပ်သဘောကို သိလို့လားမဆိုနိုင်ပါဘူး။ ဖိတ်စာတစ်ခုပေးပြီး ချက်ချင်းပြန်ထွက်သွားတယ်။ မြေး ကလေးက အဲဒီဖိတ်စာယူလာတော့မှ ကျုပ်လည်းဘာများလည်းလို့ ကြည့်မိတယ်။ ဒါလည်း မကျွတ်သေးပါဘူး။ မင်္ဂလာဆောင် ဖိတ်စာတော့ မဟုတ်တန်ကောင်းပါဘူးလေလို့ တွေးရင်းနဲ့ ဖြစ်ချင်တော့ ကျုပ်ရုံးက ဖိတ်စာ၊ အခမ်းအနားတစ်ခုတက်ရောက်ဖို့ ပင်စင် စားတွေကို ဖိတ်တဲ့စာ၊ အဲဒီဖိတ်စာကိုမြင်မှ ရုတ်တရက်ကျုပ်စိတ်ထဲမှာ ကသိကအောက်ကလေးဖြစ်သွားတယ်။ “ပင်စင်စား״ တဲ့။ တစ်နည်းအားဖြင့် “အငြိမ်းစား״ ပေါ့။
            ဘယ်လိုပဲခေါ်ခေါ်လေ ဒါဟာလူတစ်ယောက် စင်ပေါ်ကဆင်းသွားရမယ့် အချိန်ပဲမဟုတ်လား။ လောကကြီးမှာ ကျုပ်ဆိုတဲ့ လူတစ်ယောက်ရဲ့ အခန်းကဟာပြီးဆုံးသွားပါပြီလို့ ဆိုလိုတာပဲမဟုတ်လား။ ဒီလိုနဲ့ပဲ လူတစ်ယောက်ဟာ ဘာသာတရားဖြစ်ဖြစ် တစ်ခုခုရဲ့အောက်ထဲမှာ ခိုလှုံရာရှာရတော့မှာလား။ မထင်မရှားဘဝနဲ့ မြင်မြင်သမျှကို ပါးစပ်လေးပိတ်ပြီး မြုံထားရတော့မှာလား။ ချောင်တစ်ချောင်မှာကွယ်ပြီး အရာရာကိုမမြင်ချင်ယောင်ဆောင်နေရတော့မှာလား။ မြတ်စွာဘုရား၊ ဘဝဆိုတာ ဒီလိုပဲအဆုံးသတ် ရမှာလား။ စိတ်ပျက်စရာ။
            ကျုပ်မှာ တွေးရင်းတွေးရင်း ဒေါသထွက်လာမိပြန်တယ်။ ဒါပေမယ့် ကျုပ်စိတ်ထဲမှာတော့ မီးမောင်းတွေက ထိုးထားဆဲပဲလို့ ခံစားနေရတယ်။ ကျုပ်ကိုကျုပ် အိုလှပြီလို့ ဘယ်လိုမှတွေးကြည့်လို့မရနိုင်ဘူး။ ဟုတ်တယ်၊ စိတ်ထဲမှာ အချိန်ပိုတင်မကသေးဘူး၊ ပိုင်နယ်တီပါ ကန်ချင်မိသေးတယ်။ မိနစ်(၉ဝ)ဟာ ကျုပ်အတွက်တော့ တိုတောင်းလွန်းလှတယ်မဟုတ်လား။
            တိုက်တိုက်ဆိုင်ဆိုင်ပဲ ရုတ်တရက်ခေါင်းထဲမှာ ဖတ်ဖူးတဲ့ဝတ္ထုတစ်ပုဒ်ပေါ်လာတယ် “ဟဲမင်းဝေးရဲ့ ပင်လယ်ပြာနှင့်တံငါအို״ လေ။ ကျုပ်ကောင်းကောင်းမှတ်မိတယ် အဲသည်ဝတ္ထုရဲ့ဇါတ်သိမ်းခန်းမှာ အဘိုးအို စန်တီယာဂိုဟာ အာဖရိက က ခြင်္သေ့တွေ အကြောင်း အိပ်မက်မက်လို့ပေါ့။

ဒီနိုဗို