Sunday, August 25, 2013

တရုတ်ပြည်သွားမယ့် လှေငယ်လေး (Excerpt)





          ဒီလိုခံစားမှုက ကျွန်တော် ယာမာနိုတီ ရထားလိုင်းကို စီးနေတဲ့အခိုက်မှာ ပေါ်လာခဲ့တယ်၊ ကျွန်တော် တံခါး နားမှာ ရပ်နေမယ်၊ လက်မှတ်ကို မလွင့်သွားအောင် တင်းတင်းဆုပ်ကိုင်လို့၊ ပြူတင်းပေါက်ကနေ ကျွန်တော်တို့ ဖြတ် လာတဲ့ အဆောက်အဦးတွေကို ငေးမျှော်ကြည့်နေမိတယ်၊ ဒီ မြို့ကြီးနဲ့ ဒီလမ်းတွေ၊ ဘာကြောင့်မှန်းမသိ ကျွန်တော့်မှာ စိတ်ပျက်အားငယ်မိတယ်၊ တွေ့နေကျအမှောင်ထုက မြို့နေလူထုအပေါ် ချိန်းထားတဲ့အတိုင်း အချိန်မှန် ဖုံးလွှမ်းလို့၊ စိတ်ဂျယ်လီတွေလို တိမ်တွေက ထူထပ်နေခဲ့တယ်၊
          ညစ်ပတ်နေတဲ့ မျက်နှာစာတွေ၊ အမည်မဲ့ လူအုပ်ကြီးတွေ၊ မရပ်မနား ဆူညံသံတွေ၊ ပြည့်ကျပ်နေတဲ့ ရုံးတက် ရုံးဆင်းချိန် ရထားတွေ၊ မီးခိုးရောင် ကောင်းကင်ကြီး၊ နေရာလွတ်မှန်သမျှ ပြည့်နှက်နေတဲ့ ကြေငြာဆိုင်းဘုတ်ကြီးတွေ၊ မျှော်လင့်ချက်တွေနဲ့ ကြိတ်မှိတ်သည်းခံနေရတာတွေ၊ စိတ်တိုဒေါသထွက်စရာတွေနဲ့ စိတ်လှုပ်ရှားစရာတွေ၊ ပြီးတော့ နေရာတကာမှာ ရွေးချယ်စရာတွေက အသင်္ချေ ဖြစ်နိုင်ခြေတွေကလည်း အသင်္ချေ၊ အသင်္ချေ ဖြစ်သလို တစ်ဖက်မှာ လည်း သုည ဖြစ်နေခဲ့တယ်၊ ကျွန်တော်တို့တွေက ကိုယ့်လက်နဲ့ကိုယ် သဲ့ယူချင်ပေမယ့် ရလာတာက လက်ခုပ်နဲ့ အပြည့် သုညတွေပဲ၊ အဲဒါက မြို့ပဲ၊ အဲဒီမှာ တရုတ်မလေးပြောတာကို ကျွန်တော် သတိရလာမိတယ်
ဒီနေရာက ကျွန်မ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့တဲ့ နေရာပဲ
ကျွန်တော့်မှာ တိုကျိုကို ကြည့်ရင်း တရုတ်ပြည်အကြောင်း တွေးနေမိတယ်
ဒါက ကျွန်တော်နဲ့ ပတ်သက်ခဲ့တဲ့ တရုတ်တွေပဲ၊ နှစ်အလိုက် မှတ်တမ်းတွေကနေ တရုတ်ပြည်ပေါ်က ကြယ်နီအထိ ကျွန်တော် တရုတ်ပြည်အကြောင်း ရေးထားတဲ့စာအုပ်တွေကို ဒါဇင်နဲ့ချီပြီး ဖတ်ခဲ့ဖူးပါတယ်၊ ကျွန်တော် တတ်နိုင် သလောက် တရုတ်ပြည်အကြောင်း သိချင်မိတယ်၊ ဒါပေမယ့် အဲဒီ တရုတ်ပြည်က ကျွန်တော့် တရုတ်ပြည်ပဲ၊ ကျွန်တော် ဖတ်ပြီးသိရတဲ့ တရုတ်ပြည်မဟုတ်ဘူး၊ အဲဒီ တရုတ်ပြည်က ကျွန်တော့်ကိုပဲ မက်ဆေ့ခ်ျပေးတယ်၊ ကမ္ဘာ ပေါ်မှာ ကြီးထွားလာတဲ့ လူဝါတွေရဲ့ တရုတ်ပြည်မဟုတ်ဘူး
အဲဒါက တခြား တရုတ်ပြည်၊ တခြား အနုမာန အယူအဆ၊ တခြား အထင်အမြင်သက်သက်၊ တနည်းအား ဖြင့်တော့ ဒါဟာ တရုတ်ဆိုတဲ့စကားလုံးနဲ့ ဖြတ်တောက်ထားတဲ့ ကျွန်တော့်ရဲ့ အစိတ်အပိုင်းပါပဲ၊
ကျွန်တော် တရုတ်ပြည်တစ်ကြော လျှောက်ပြီး သွားနေခဲ့တယ်၊ လေယာဉ်စီးပြီး သွားတာမဟုတ်၊ ကျွန်တော့် ခရီးစဉ်က တိုကျိုမြေအောက်ဘူတာတွေမှာ၊ တက္ကစီ နောက်ခန်းမှာ ထိုင်စီးရင်းသွားနေခဲ့တာ၊ ကျွန်တော့် စွန့်စားခန်း တွေက အနီးအနားက သွားဆရာဝန်ရဲ့ စောင့်ဆိုင်းခန်းမှာ၊ ဘဏ်ပြုတင်းပေါက်တွေမှာ၊ ကျွန်တော်က ဘယ်မှ မသွား ပေမယ့် နေရာတကာ ရောက်နိုင်တယ်၊
တစ်ရက် တိုကျိုမှာ ကျွန်တော် ယာမာနိတီ ရထားလိုင်းကို စီးလာရင်း ရုတ်တရက် မြို့ကြီးက စတင်လှုပ်ရှား လာလိမ့်မယ်၊ လျှပ်တပြတ်အတွင်း အဆောက်အဦးတွေ အကုန်လုံး ပြိုကျကုန်မယ်၊ ကျွန်တော့်မှာ လက်မှတ်ကလေး ကို ဆုပ်ကိုင်ထားရင်း အဲဒီမြင်ကွင်းကို ကြည့်နေမိမယ်၊ တိုကျိုမြို့ရဲ့ လမ်းတွေပေါ် ကျွန်တော့်ရဲ့ တရုတ်ပြည်က ကျဆင်းလာလိမ့်မယ်၊ ပြာတွေလိုပဲ၊ ထိမိသမျှတွေအကုန်လုံးထဲကို ပျော်ဝင်လို့၊ ဖြေးဖြေးနှေးနှေးနဲ့ ဘာမှကို မကျန် တော့တဲ့ အထိ၊ မဟုတ်ဘူး၊ ဒါက ကျွန်တော့်နေရာ ဟုတ်ဘူး၊ ဒီလိုနဲ့ ကျွန်တော်တို့ စကားတွေ ဆုံးရှုံးလာလိမ့်မယ်၊ ကျွန်တော်တို့ရဲ့ အိပ်မက်တွေက မြူတွေအဖြစ်ပြောင်းသွားမယ်၊ ငြီးငွေ့လွန်းလို့ ထာဝရ တည်ရှိမှာတောင် ကြောက်မိ တဲ့ ကျွန်တော်တို့ရဲ့ ဆယ်ကျော်သက်ဘဝက အငွေ့ပျံပျောက်ကွယ်လို့သွားမယ်

Haruki Murakami A slow boat to China ကို
Alfred Birnbaum အင်္ဂလိပ် ဘာသာပြန်မူမှပြန်ဆိုသည်

Sunday, August 18, 2013

“ပိုနေတဲ့အရာတွေ"




            တစ်လောက မိတ်ဆွေတစ်ယောက်က သူတို့ရုံးတွင် dead space များသိပ်များကာ လုပ်ရကိုင်ရကြပ်တည်းလာသည့် အတွက် ရုံးပြောင်းဖို့ စီစဉ်နေကြောင်းပြောပြပါသည်။ ကျွန်တော့်အနေဖြင့် သူတို့ရုံးပြောင်းသည့်ကိစ္စကို စိတ်မဝင်စားပါ။ dead space ဆိုသည့် စကားလုံးကိုသာ အာရုံကျသွားမိပါသည်။ dead space ဆိုသည်မှာ အသုံးပြုလေ့မရှိသော၊ အသုံးပြုမှုနည်းသောနေရာများ ကို ဆိုလိုပါသည်။
            မှန်ပါသည်။ အချို့ရုံးများတွင် ကျွန်တော် သတိထားမိသလောက် လူကြီးအခန်းများတွင် အိမ်သာ၊ လက်ဆေးကန်နှင့် ဧည့်ခန်းအသီးသီးရှိကြပါသည်။ ဤနေရာများသည် ရံဖန်ရံခါမှ အသုံးပြုဖြစ်သည့် အများနှင့်မဆိုင်သည့် နေရာများပင်၊ ဤလို အခန်း မျိုးများလာသည့်အခါ ရုံးတစ်ရုံးတွင် ဝန်ထမ်းအများစုအသုံးပြုနိုင်သောနေရာများ ကျဉ်းလာခဲ့ပါသည်။
            ထို့အတူပင် အဆင့်မြင့်ဆေးရုံ၊ ဆေးခန်းများတွင်လည်း ပိုက်ဆံပေးဌားရမ်းရသည့် pay room များမှာ အိမ်မှမိသားတစ်စုလုံး လာရောက်တည်းခို၍ရလောက်အောင် ကျယ်ဝန်းလှပါသည်။ တကယ်တော့ လူနာစောင့်တစ်ယောက်၊ နှစ်ယောက်မှလွဲ၍ မည်သူမှ ဆေးရုံတွင် ကြာရှည်မနေနိုင်ပါ။ ဤအတွက် အလဟဿ ပိုနေသောကွက်လပ်ကို အနည်းငယ်ချုံ့ပေးလိုက်လျှင် သာမာန်လူနာ တစ်ယောက်အတွက် နေရာများပိုရလာမလား၊ တွေးကြည့်ခြင်းသာ။
            ထို့အတူပင် အချို့သောအလွန့်အလွန် ချမ်းသာသောသူများ ပိုက်ဆံကို မည်သို့သိမ်းရမလဲ စဉ်းစားမရသောအခါ အိမ်များ၊ ခြံ များ ဝယ်ထားတတ်ကြပါသည်။ သို့သော် လူတစ်ယောက်တည်း အိမ်နှစ်အိမ်၊ သုံးအိမ် တစ်ပြိုင်တည်း မနေနိုင်သဖြင့် အိမ်တံခါး၊ ခြံ တံခါးကို အလုံပိတ်သော့ခတ်ထားကြပါသည်။ လူအများစုမှာတော့ ဈေးနှုန်းသက်သာသည့် မြို့ပြင်ကွက်သစ်များထဲတွင်သာ စုပြုံပြွတ် ကြပ်၍၊ Dead space များအကြောင်း တွေးနေမိခြင်းသာ။
            ထို့အတူ ယာဉ်မောင်းတစ်ဦးတည်းသာ လိုက်ပါလာသောကိုယ်ပိုင်ကားများပေါ်ရှိ dead space များနှင့် တိုးဝှေ့ကြပ်ညှပ် နေသော ဘတ်စ်ကားများကို ယှဉ်တွဲစဉ်းစားမိတိုင်း လောကကြီးတွင် ကိုယ်နားမလည်နိုင်သောအရာတွေ အများအပြားရှိနေကြောင်း လက်ခံလာမိပါသည်။
                        ************************************
            လူတွေဟာ ပစ္စည်းတစ်မျိုးကိုဖန်တီးတဲ့အခါ သုံးဖို့ဟုတ်ရင်ဟုတ်၊ မဟုတ်ရင်တော့ အလှအပ၊ ရသ သဘောအတွက် ထုတ် ကြတာပဲလို့ပဲ အကြမ်းဖျင်းနားလည်မိပါသည်။
            ဒါပေမယ့် သုံးဖို့လည်းမရည်ရွယ်၊ လှပခြင်းလည်းလုံးဝမရှိတဲ့အပြင် အန္တရာယ်လည်းအလွန်ကြီးမားတဲ့ ပစ္စည်းတစ်မျိုးကို နိုင်ငံ အသီးသီးက အပြိုင်အဆိုင်ထုတ်ဖို့ ကြိုးစားနေပါတယ်ဆိုရင် စာဖတ်သူများရိပ်စားမိလောက်ပါသည်။ မှန်ပါသည်။ နူကလီးယား လက်နက်များနှင့် ထိပ်သီးဆွေးနွေးပွဲများသည် စစ်အေးခေတ်တွင် ကြီးပြင်းလာခဲ့သောလူများအဖို့ နိစ္စဓူဝကြားနေရသောကိစ္စများသာ ဖြစ်ခဲ့သည်။ ကပ်သီးကပ်သတ်ဆွေးနွေးစရာအကြောင်းအရာများကို အစဉ်တစိုက်ရှာဖွေနေတတ်သော နိုင်ငံရေးအကဲခတ်သူများ အတွက် ပြောလို့လည်းမကုန်၊ ပြောလို့လည်းကောင်းသော၊ မပြောမပြီးသည့် ကုန်ကြမ်းအစုအပုံကြီးဖြစ်လို့နေခဲ့ပါသည်။ ၎င်းတို့ ကတော့ နူကလီးယားပါဝါကို နိုင်ငံရေးပါဝါတစ်ခုအဖြစ် သင်္ကေတဆန်ဆန် ပြောကြပါသည်။ သို့သော်ထိုသင်္ကေတများအတွက် ကုန်ကျစရိတ်သည်ပင် မနည်းမနော၊ အကယ်၍များ ပုံမှန်လူတစ်ယောက်တွင် သဘာဝအလျောက်ရှိနေသော ဖျက်ဆီးလိုစိတ် ပမာဏထက် ထူးခြားလွန်ကဲနေသော လူတစ်ယောက်လက်ထဲ ထိုနူကလီးယားလက်နက်များ မတော်တဆဖြစ်စေ၊ စနစ်တကျဖြစ်စေ ရောက်ရှိသွားခဲ့မည်ဆိုလျှင် လူ့အသက်များ၊ ဘဝများ၊ ယဉ်ကျေးမှုများနှင့် သဘာဝဂေဟစနစ်ကြီးပါ ဤကုန်ကျစရိတ်ထဲ ထပ်မံပေါင်း ထည့်ရပေတော့မည်။ ထို့ပြင် ဤကုန်ကျစရိတ်များသည် ချက်ချင်းလက်ငင်းပေးချေရမည့် တန်ဖိုးများဖြစ်နေခဲ့သည်။ သုံးနေကျ အကြွေးဝယ်ကဒ်များဖြင့် ရှင်း၍ရသောအရာမဟုတ်။
            တချို့ကလည်း နူကလီးယားလက်နက်များကြောင့် သာမာန်သမားရိုးကျစစ်ပွဲများကို ဘောင်ကန့်နိုင်ခဲ့သည်။ ကမ္ဘာစစ်ဖြစ် သည်အထိ မပြန့်ပွါးနိုင်တော့ဟုဆိုသည်။ သို့သော် နူကလီးယားလက်နက်များသည် လူ၏မိုက်မဲမှုနှင့် ရန်လိုအမုန်းပွါးမှုများကို ဘောင် မကန့်နိုင်ခဲ့ပါ။ ဤအတွက် ယခင်က တိုင်းပြည်၏တံဆိပ်ကိုတပ်၍တိုက်ခဲ့ကြသော စစ်ပွဲများမှ လူမျိုးရေးနှင့် ဘာသာရေးတံဆိပ်များ တပ်ဆင်ကာ တိုက်ပွဲဝင်ကြသောစစ်ပွဲများအသွင်သို့သာ ပြောင်းသွားခဲ့သည်။ လူအချင်းချင်း သတ်ဖြတ်ခြင်းကတော့ မကင်းနိုင်ခဲ့ပေ။
            အငြင်းအခုံတွင် ဝါသနာကြီးသူများကတော့ လူအချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေခဲ့ကြတာ ကျောက်ခေတ်ထဲက မဟုတ် လား၊ ဘာကြောင့်နူကလီးယားလက်နက်ကိုမှ တရားခံရှာရတာလဲဟု မေးစရာရှိပါသည်။ ကွာခြားချက်မှာ ပြရုံသက်သက်ရည်ရွယ် ဖန်တီးထားသောလက်နက်များ၊ ကျောက်ခေတ်တွင်မရှိခဲ့ဖူးပါ။ ထို့အပြင် ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်စီးသွားစေနိုင်သည့် လက်နက် များလည်း မရှိခဲ့ပါ။ လူသန်းပေါင်းများစွာ၏ဘဝများကို ပြောင်းလဲသွားစေနိုင်သော ငွေပမာဏဖြင့် ထုတ်လုပ်ထားသောလက်နက် များလည်း မရှိခဲ့ပါ။
            အန္တိမကျသောမေးခွန်းတစ်ခုကတော့ နူကလီးယားလက်နက်များမရှိ၍ လက်ရှိကမ္ဘာကြီး ဖျားနာနိုင်ပါသလား၊ စဉ်းစားကြဖို့ ပင်။ အမှန်တကယ်တော့ နယ်နိမိတ်သတ်မှတ်ချက်မရှိတော့သော ယနေ့အကြမ်းဖက်စစ်ပွဲများတွင် နူကလီးယားလက်နက်များမှာ မဟာဗျူဟာလက်နက်များအသွင်မှ အန္တရာယ်ရှိသောစွန့်ပစ်ပစ္စည်းများသာ ဖြစ်လာဖို့ရှိပါတော့သည်။
            ****************************          
            ကျွန်တော်တို့ငယ်စဉ်က နားထောင်ခဲ့ဖူးသောပုံပြင်များ၊ ဒဏ္ဍာရီများထဲတွင် သုံးမကုန်အောင် ပေးကမ်းစွန့်ကြဲသွားသော တန်ခိုးရှင်များအကြောင်း ကြားဖူးပါသည်။ ထိုစဉ်ကတော့ သုံးမကုန်သည့်ဘဝကို အသေအချာမတွေးမိ၊ ရမ်းသမ်းအားကျခဲ့ဖူးပါသည်။ ယင်း၏နောက်ဆက်တွဲ အကျိုးဆက်များ၊ ဘေးထွက်ဆိုးကျိုးများကို မစဉ်းစားမိ၊ ယခုတော့အနည်းငယ်ရိပ်စားမိစပြုလာပါသည်။
            ယနေ့ခေတ် အင်တာနက်သည် ရှေးပုံပြင်များထဲမှ တန်ခိုးရှင်ကြီးများနှင့် တူလှပါသည်။ နယ်ပယ်အသီးသီးမှ သတင်းအချက် အလက်များကို သင် သုံးမကုန်နိုင်လောက်အောင် ရှာဖွေပေးနိုင်ပါသည်။ ထို့အပြင် အခမဲ့ download ရယူနိုင်သော စာအုပ်စာတမ်း များ၊ software များ၊ သီချင်း၊ ဓါတ်ပုံ၊ ဗီဒီယိုများမှာလည်း တသက်စာ မကပါ။ ဤသို့ သုံးမကုန်ခြင်းနှင့်လူ့အလိုလောဘတို့ တွေ့ကြ သောအခါတွင်တော့ ပြဿနာကစလာပါသည်။ ကုန်တိုက်ကြီးထဲ discount တွေ့တိုင်း ဝယ်နေမိသလိုပင်၊ အင်တာနက်ထဲ free download တွေ့တိုင်း ကလစ်နှိပ်ချင်စိတ်က ထိန်းမရသိမ်းမရ ပေါ်လာတတ်ပါသည်။ ထို့အပြင် soft copy များကို သိမ်းရသည်မှာ ဗီရို၊ သေတ္တာများလည်း မလိုလှပါ။ အချက်အလက်ပေါင်းများစွာ သိုမှီးထားနိုင်သော hard disk များ ပေါ်လာသည့်အခါ ဇါတ်လမ်းက အထွတ်အထိပ်သို့ ရောက်လာပါတော့သည်။ တခြားပစ္စည်းဝယ်သလို ဈေးလည်းသွားစရာမလို၊ သယ်ယူပို့ဆောင်ခလည်းမကုန်၊ ပစ္စည်းကလည်းအခမဲ့၊ ကလစ်တချက်နှိပ်ရုံနှင့် ကိုယ့်ကွန်ပြူတာထဲဆင်းလာ၊ သိမ်းစရာလည်းနေရာမလို၊ ထိုသောအခါ အင်တာနက် ထဲတွေ့သမျှ စိတ်ဝင်စားဖို့ကောင်းသည်ဟု ထင်သမျှ တစ်စုံတစ်ရာအသုံးတည့်နိုင်ကောင်းသည်ဟု ယူဆသမျှ ကျွန်တော့်မှာဆွဲချ သိမ်းဆည်းနေမိပါသည်။
            သို့သော် ပြဿနာက သုံးမကုန်သည့်ပြဿနာ၊ နေ့စဉ်အသစ်အဆန်းများက အင်တာနက်ပေါ်ရောက်နေသည်။ ကိုယ့်စိတ်ဝင် စားမှုတွေကလည်း နေ့စဉ်ပြောင်းလဲလို့နေသည်။ ထိုအခါ နေ့စဉ်ဆွဲချလိုက်၊ သိမ်းဆည်းလိုက်ဖြင့်သာ အလုပ်ရှုပ်နေခဲ့သည်။ သိမ်း ဆည်းထားသောအရာများကို ပြန်ကြည့်ဖို့၊ အသုံးချဖို့ သတိမရ၊ အချိန်မရ၊ အာရုံမရ၊ အာရုံများက အသစ်အသစ်များဆီသို့သာ။
            တစ်ချိန်တည်းမှာပင် memory stick များကလည်း လူ့အလိုလောဘအတိုင်း မဆန့်ရင်ကာပြုလုပ်လာကြသည်။ မူလက 125 MG, 250 MG များမှသည် ယခုဆိုလျှင် 16 GB အထိဆန့်လာကြသည်။ ဆန့်တော့လည်း လူ့သဘာဝအရ ရှာကြံပြီးထည့်ကြသည်။ ထိုအထဲအသုံးဝင်သည်လည်းရှိ လုံးဝမသုံးဖြစ်သည်လည်းရှိ ကိုယ်တိုင်သိမ်းဆည်းထားပြီး မေ့မေ့ပျောက်ပျောက်ဖြစ်နေသော file များလည်းရှိ။
            မိတ်ဆွေတစ်ယောက်ကတော့ IT ခေတ်လူသား၏အခြေအနေကို zebra effect ရနေသည်ဟု မြင်သည်။ zebra effect ဆိုသည်မှာ မြင်းကျားများအနေဖြင့် အုပ်စုလိုက်နေခြင်းဖြင့် ရန်သူ၏အမြင်အာရုံကို ရှုပ်ထွေးအောင်ပြုလုပ်ခြင်း ဖြစ်ပေသည်။ အုပ်စု လိုက်ပြေးလွှားနေသော မြင်းကျားများနောက်လိုက်လာသော ခြင်္သေ့တစ်ကောင်အဖို့ တစ်ကောင်ခြင်းအပေါ်အာရုံစူးစိုက်ဖို့ အလွန် ခက်ခဲလှပေသည်။ ထိုနည်းတူစွာ များပြားလှသောအချက်အလက်အစုအပုံကြီးထဲတွင် ကျွန်တော်တို့အားလုံးတစ်ခုခုကို အာရုံစိုက် ရွေးချယ်ဖို့ရာ ခက်ခဲနေခဲ့ပေသည်။
            ပြဿနာက ကွန်ပြူတာများက စွမ်းရည်မြင့်၊ မြန်နှုန်းမြင့်လာပြီး လူ၏စဉ်းစားနိုင်စွမ်း၊ ဖတ်ရှုနိုင်စွမ်းက မပြောင်းမလဲရှိနေခြင်း ဖြစ်သည်။ ထိုအခါ သုံးမကုန်နိုင်သောအချက်အလက်ပင်လယ်ကြီးထဲတွင် လူသားမှာအလိုလိုသေးသိမ်လာနေခဲ့သည်။
            ထို့အတူပင် ဖျော်ဖြေရေးကဏ္ဍတွင်လည်း တစ်ကားတွဲ၊ ၁၂ ကားတွဲမှ ယခုဆိုလျှင် ကား ၅၀ခန့်ဆန့်သော DVD ခွေများပင် ပေါ်ထွက်လာခဲ့သည်။ MP3 player များဆိုလျှင်လည်း သီချင်းအပုဒ်ရာနှင့်ချီ၍ ထည့်သွင်းနားထောင်နိုင်လာခဲ့ပေပြီ။ သို့သော် အခြား သူများတော့မသိ၊ အချိန်ရှားပါးလှသောခေတ်ကြီးထဲတွင် ကျွန်တော့်အတွက်တော့ ဤမျှများပြားသည့်ဗီဒီယိုကားများ၊ သီချင်းများကို မကြည့်နိုင်၊ နားမထောင်နိုင်တော့ပါ။ ရွေးကြည့်ပေါ့၊ ရွေးနားထောင်ပေါ့ဟု ပြောကောင်းပြောပေလိမ့်မည်။ သို့ဆိုလျှင်လည်း ကိုယ် ကြိုက်သောခွေကိုသာ ရွေးဝယ်ဖို့ရှိသည်။ ကိုယ်ကြိုက်သောသီချင်းကိုသာ ရွေးထည့်ထားဖို့ရှိသည်။ ဤမျှများပြားသောအရာများကို သိမ်းဆည်းထားဖို့မလိုပါ။
            အမှန်တော့ ကျွန်တော်ကိုယ်တိုင်ကပဲ အဆိုးမြင်နေတာဖြစ်နိုင်သည်။ နည်းပညာတိုးတက်မှုရဲ့အသီးအပွင့်တွေ ခံစားနေရ တာ ဝမ်းသာစရာမကောင်းပေဘူးလား၊ မြန်နှုန်းတွေမြင့်လာတာမကောင်းပေဘူးလား ပြောစရာရှိပါသည်။ သို့သော်နည်းပညာများ သည် အလိုအလျှောက် တိုးတက်နေခြင်းမဟုတ်ပါ။ ဤအတွက် လူများ၊ စိတ်အားထက်သန်မှုများ၊ အချိန်များ၊ နွေများကို ပက်ပက် စက်စက် သုံးစွဲကြရပါသည်။ လူတွေသုံးနိုင်တဲ့အတိုင်းအဆထက်ပိုတဲ့ပစ္စည်းတွေ ထုတ်လုပ်ဖို့ဘာကြောင့် ဒီလောက်အားသွန်ခွန်စိုက် လုပ်နေကြပါသနည်း။
            ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံက ဆင်းရဲနွမ်းပါးစွာ အသက်ရှင်နေကြချိန်တွင် လူနည်းစုအတွက် ကလေးကစားစရာပစ္စည်းလို တနေ့တမျိုးမရိုးရအောင် တီထွင်ထုတ်လုပ်ဖို့ ငွေပုံအောသုံးနေကြသည်မှာ အံ့သြဖို့ကောင်းလှပါသည်။ ကမ္ဘာကြီးကို အကြမ်းဖျင်း ပိုင်းခြားလိုက်လျှင် ရှိသမျှအရင်းအမြစ်များကို မဆန့်မပြဲစားသုံးသူများနှင့် ဖွတ်ကျောပြာစုလူများစုများ အဖြစ်သာတွေ့ရပါသည်။ တဖက်တွင် ပစ္စည်းအသစ်အဆန်းများ ထုတ်လုပ်စားသုံးဖို့ငွေကို ပက်ပက်စက်စက်သုံးစွဲနေချိန်၊ လုံးဝစားစရာမရှိ၊ ဝတ်စရာမရှိ၊ ပညာ ရေး၊ ကျန်းမာရေးခံစားခွင့် ကင်းမဲ့နေသောလူအများစုကြီးမှာတော့ ထိုနည်းပညာအသီးအပွင့်များနှင့် တစ်ကမ္ဘာခြားနေခဲ့သည်။
            ကိန်းဂဏန်းများအရ အတိအကျဆိုရလျှင် ကမ္ဘာ့လူဦးရေ၏ ၈၀%မှာ တနေ့ဆယ်ဒေါ်လာအောက်သာ ရရှိပါသည်။ ကမ္ဘာ့ လူဦးရေ၏ တဝက်နီးပါးဖြစ်သော သန်းသုံးထောင်ခန့်မှာ တနေ့နှစ်ဒေါ်လာခွဲအောက်ဝင်ငွေဖြင့် အသက်ရှင်နေကြပါသည်။ အချိုးအစား အရပြောရလျှင် ကမ္ဘာ့အဆင်းရဲဆုံးလူ ၄၀%မှာ ကမ္ဘာ့ဝင်ငွေ၏ %သာ ရရှိပြီး အချမ်းသာဆုံးသောလူ ၂၀%မှာ ကမ္ဘာ့ဝင်ငွေ၏ သုံးပုံ နှစ်ပုံကို ရရှိနေပါသည်။ Unicef စစ်တမ်းများအရ ဆင်းရဲမွဲတေမှုကြောင့် ကလေးဦးရေ ၂၆၅၀၀ - ၃၀၀၀၀ ကြား နေ့စဉ်လူမသိ သူမသိသေဆုံးနေကြပါသည်။ မူလတန်းအရွယ်ကလေးငယ် ၇၂ သန်းမှာ ကျောင်းမနေနိုင်ကြပါ။ အကယ်၍ လက်ရှိကမ္ဘာပေါ်တွင် လက်နက်အတွက်သုံးစွဲနေသော ကုန်ကျစားရိတ်၏ % မျှကို သုံးစွဲလျှင် ကလေးအားလုံးကို ကျောင်းထားပေးနိုင်ပါလိမ့်မည်။ ဤ နေရာတွင် IT ခေတ် နည်းပညာခေတ်ဟု ကျွန်တော်တို့ဂုဏ်ယူဝံ့ကြွားစွာ အကြိမ်ကြိမ်ကြွေးကြော်နေကြသော ၂၁ ရာစုထဲဝင်လာ သည့်တိုင် လူသန်းတစ်ထောင်ခန့်မှာ မိမိလက်မှတ်ကိုမျှ ထိုးနိုင်ခြင်းမရှိကြသေးပါ။
            ဆာလောင်မွတ်သိပ်နေသူတွေ ပေါများလှတဲ့အရပ်ဒေသကာလတစ်ခုမှာ မိမိတစ်ဦးတည်းအစာကို အားရပါးရစားသောက် နေတာမျိုးဟာ မှားယွင်းမှုတစ်ခုပါလို့ ထင်မှတ်စရာပင်ဖြစ်လာခဲ့သည်။״ နေမျိုးကတော့ သူ၏ဝတ္ထုတစ်ပုဒ်ထဲတွင် အထက်ပါအတိုင်း ရေးခဲ့ဖူးသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ဤလိုတွေးမိသူများမှာ အရေအတွက်အားဖြင့် နည်းနေသေးခြင်းဖြစ်ပါသည်။
            ဗုဒ္ဓဘာသာဂိုဏ်းတစ်ဂိုဏ်းကတော့ လူ၏ ဇီဝကမ္မလိုအပ်ချက် (physiological needs) မှလွဲ၍ ကျန်သောလိုအပ်မှန်သမျှကို  လောဘတဏှာဟု သတ်မှတ်ပါသည်။ ကျွန်တော်ကတော့ ထိုအရာများကို ပိုနေတဲ့အရာတွေဟုသာ ဆိုချင်ပါသည်။ ထိုပိုနေသော အရာများကို မဖယ်ရှားနိုင်သရွေ့ ကျွန်တော်တို့ ဘဝကိုယ်စီလေးလံနေကြဦးမည်သာ ဖြစ်ပေသည်။

ဒီနိုဗို